23.8.16

မြစ်ကြီးနား-ကန်ပိုက်တီးလမ်းတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေ၍ ညအချိန် ခရီးသွားလာမှုအား ပိတ်ပင်ထား

မြစ်ကြီးနား-ကန်ပိုက်တီး လမ်းကြောင်းပေါ်တွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် လမ်းပိတ်ထားရမှုများ ဖြစ်ပေါ်ခဲ့ပြီး ညပိုင်း အချိန်ခရီးသွားလာမှု ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
မြစ်ကြီးနား-ကန်ပိုက်တီး လမ်းပေါ်တွင် သြဂုတ် ၂၁ ရက် နံနက်ပိုင်းနှင့် သြဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သောကြောင့် ခရီးသည်များမှာ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကားလမ်းပိတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ကားအစီးရာနှင့် ချီပိတ်မိနေခဲ့ကြောင်း သိရသည်။

မြစ်ကြီးနား-ကန်ပိုက်တီး ကားလမ်းပိုင်းတွင် ကားပြေးဆွဲနေသည့် ကားဆရာတစ်ဦးက “မနက်ပိုင်းက ဆဒုံးအထက်မှာ ပိတ်လိုက် သွားလိုက်ပါ။ ၁၅ မိနစ်လောက် ပစ်လိုက် နားလိုက်ပါ။ လက်နက်ကြီးတွေနဲ့ အရင်ပစ်တာ။ ကျွန်တော်တို့လည်း ကြားနေရတာပဲ။ ဘယ်လို ပစ်နေကြသလဲကို မသိဘူး။ မိုင်တိုင် ၅၁ နဲ့  ၅၂ ကြားက လုပီနားမှာ ဖြစ်တာ။ ဂိတ်က လုံခြုံရေးအစောင့်တွေကတော့ ခရီးသည်တွေပါရင် ညနေ ၄ နာရီကျော်ရင် အတက်အဆင်း မလုပ်ကြဖို့ ပြောလာတယ်” ဟု ပြောကြားသည်။

သြဂုတ် ၂၂ ရက် ညနေ ၅ နာရီခွဲတွင် ကန်ပိုက်တီးလမ်းပိုင်း ပိတ်ထားမှုမှ လွတ်မြောက်လာသည့် ယာဉ်မောင်းတစ်ဦးက “ဒလက်ပါတဲ့ လက်နက်ကြီးကျတာ။ ကျွန်တော်တော့ မမီလိုက်ဘူး။ နေရာပဲ တွေ့ရတယ်။ နယ်ခြားစောင့်တပ်က နှစ်ဦးဒဏ်ရာ ရတယ်။ သြဂုတ် ၁၈ ရက်က ဘွန်တောင်အတက် တိုက်တစ်လုံးထဲရှိတဲ့နားမှာ ချောင်းပစ်ခံရတာ။ တပ်မတော်က တစ်ဦးက ဆုံးတယ်။ လေးငါးဦးက ဒဏ်ရာတွေ ရထားတယ်။ ဂိတ်က တာဝန်ကျတဲ့သူတွေက ညနေပိုင်း လုံးဝမတက်ခဲ့နဲ့လို့ မှာလိုက်တယ်” ဟု ပြောကြားသည်။

ကချင်ပြည်နယ်ခရိုင် ရဲမှူးကြီးဦးလှဝင်းက “ဒီနေ့ မြစ်ကြီးနား-ကန်ပိုက်တီးကို ည ၉ နာရီကနေ မနက် ၄ နာရီအထိ သွားလာခွင့် ပိတ်ထားပါဆိုတဲ့ စာထွက်တယ်။ လုံခြုံရေး အခြေအနေကြောင့်ပဲ ဖြစ်မှာပါ။ ပြည်နယ် အဆင့်က ထုတ်တဲ့စာပါ” ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင် အဖွဲ့တို့သည့် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် တနိုင်းမြို့နယ်များတွင် ပစ်ခတ်မှုများ ဖြစ်ပေါ်နေပြီး မြစ်ကြီးနား-မိုးကောင်း-ဖားကန့် လမ်းမကြီးပေါ်နှင့် မြစ်ကြီးနား-လ၀ါး-တနိုင်း လမ်းမပေါ်များတွင် ပစ်ခတ်နေမှုကြောင့် မကြာခဏ လမ်းပိတ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment