24.8.16

နှစ်နိုင်ငံစစ်မဲ့ဇုန်နယ်မြေအတွင်း၌ မြေမြှုပ်မိုင်းဗုံးသစ်များကို မြောက်ကိုရီးယားချထားဟုဆို

ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသော စစ်မဲ့ဇုန်နယ်မြေအတွင်း မြောက်ကိုရီးယားနိုင်ငံက မြေမြှုပ်မိုင်းဗုံးသစ်များကို ချထားကြောင်း တောင်ကိုရီးယားယွန်ဟပ်သတင်းအေဂျင်စီက သြဂုတ် ၂၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။
အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီးနောက် နှစ်ပိုင်းကွဲနေသော ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုမြင့်မားနေချိန်တွင် အဆိုပါသတင်းပေါ်ထွက် လာခြင်းဖြစ်သည်။
ဇန်နဝါရီလအတွင်းက စတုတ္ထအကြိမ်မြောက်နျူကလီးယား စမ်းသပ်မှုပြုလုပ်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် ဒုံးကျည်စမ်းသပ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့သော မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန် နှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို လက်တုံ့ ပြန်သည့်အနေဖြင့် စစ်ရေးအရ တိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက် ထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး ကျေးရွာဖြစ်သော ပန်မွန်ဂျုံကျေးရွာအနီးတွင် မြေမြှုပ်မိုင်းဗုံး အသစ် များကို ချထားခဲ့သည်ဟု အမည်မဖော်သူ တောင်ကိုရီးယားတာဝန်ရှိသူများအား ကိုးကားလျက်ယွန်ဟပ်သတင်းဌာနက သတင်းထုတ်ပြန်သည်။ ပန်မွန်ဂျုံကျေးရွာကို ကိုရီးယားနှစ်နိုင်ငံစလုံးနှင့် အမေရိကန်တပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။
မြောက်ကိုရီးယားတပ်ဖွဲ့ဝင်များသည် ''ပြန်လမ်းမရှိ''ဟု အမည်ပေးထားသော တံတား၏မြောက်ဘက်ခြမ်းတွင် လွန်ခဲ့သည့် ရက်သတ္တပတ်က မြေမြှုပ်မိုင်းဗုံးအများအပြားကို ချထားခဲ့ကြောင်း တောင်ကိုရီးယားသတင်းရပ်ကွက်က ပြောကြားသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment