24.8.16

ပြည်ပလုပ်သား ခေါ်ယူမည့် ထိုင်းအေဂျင်စီများ ဘတ် ငါးသန်း အာမခံကြေး ထားရန် ထိုင်းအစိုးရ စီစဉ်

ထိုင်းနိုင်ငံ၏ လုပ်သား လိုအပ်ချက်အတွက် ပြည်ပ အလုပ်သမားများ ရရှိရန် အလုပ် ရှာပေးသည့် ထိုင်းအေဂျင်စီများကို ဘတ်ငွေ ငါးသန်း အာမခံကြေး ထားရှိရန်နှင့် အလုပ်ခေါ်မည့် ထိုင်းလုပ်ငန်းရှင်များကို ဘတ်ငွေ တစ်သန်း ထားရှိရန် ထိုင်း အစိုးရက စီစဉ်နေကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်နေသည့် မြန်မာ  ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ အာမခံကြေး ထားရှိမှုကို စက်တင်ဘာလတွင် စတင် သတ်မှတ်ရန် နှစ်နိုင်ငံကြား အလုပ်သမားရေး ဝန်ကြီး ဌာနများရှိ အဆင့်မြင့် အရာရှိများ ယခုလအတွင်း ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

“ထိုင်းနိုင်ငံက လူခေါ်တဲ့ အလုပ်ခေါ်စာ ဖောင်းပွနေတာတွေကို သေသေချာချာ ကြပ်မတ်ဖို့ နှစ်နိုင်ငံကြား ဆွေးနွေးခဲ့တယ်။ အခု ထိုင်းဘက်က ဆပ်ကန်ထရိုက်တွေ မပေးတော့ဘူး။ နောက်ပြီး ဒီလိုမျိုး အေဂျင်စီတွေကို Deposit တင်ခိုင်းတာက အမှန်တကယ် အလုပ် လုပ်မယ့် ထိုင်းအေဂျင်စီတွေပဲ ကျန်တော့မှာပါ”ဟု  မြန်မာပြည် အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း အဖွဲ့ချုပ် ထိုင်းနိုင်ငံ အလုပ်သမား ပို့ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးမြင့်ကျော်က ဆိုသည်။

ယခင်က ထိုင်းအလုပ်ရှာ အေဂျင်စီများအနေနှင့် ပြည်ပ အလုပ်သမား ခေါ်ယူခွင့်အတွက် ဘတ်ငွေ တစ်သိန်းကိုသာ အာမခံကြေးအဖြစ် ထိုင်းနိုင်ငံ အစိုးရထံ ပေးသွင်းရပြီး အလုပ်ခေါ်မည့် ထိုင်းလုပ်ငန်းရှင်များမှာမူ အာမခံကြေး ပေးသွင်းရန် မလိုအပ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများထံမှ သိရသည်။

“အခုလို အာမခံကြေး ထားရမယ် ဆိုပြီး ထိုင်းအစိုးရက စီစဉ်နေတယ်။ ဒါပေမယ့် ထိုင်းလုပ်ငန်းရှင်တွေကိုလည်း ဆွေးနွေးနေတုန်း ရှိသေးတယ်။ အကယ်လို့ အာမခံကြေးတွေကို ပေးရမယ်ဆိုရင် လုပ်သားခေါ်မယ့် အရေအတွက်တွေလည်း အရင်ကထက် နည်းလာနိုင်တယ်။ ပြဿနာလည်း လျော့လာမှာပါ”ဟု ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် (M.W.R.N) ဥက္ကဋ္ဌ ဦးစိန်ဌေးက ဆိုသည်။

ထိုင်းနိုင်ငံက မြန်မာလုပ်သား ခေါ်ယူမှုမှာ တစ်လလျှင် ပျမ်းမျှ လုပ်သား နှစ်ထောင်ခန့် ရှိပြီး တစ်နေ့ အနည်းဆုံး လုပ်ခအဖြစ် ထိုင်းဘတ်ငွေ ၃ဝဝ ရရှိကာ အချိန်ပို လုပ်ခ တစ်နာရီလျှင် ၅၆ ဘတ် ရရှိကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သမား ပို့ဆောင်ရေး အဖွဲ့ထံမှ သိရသည်။

ထိုင်းနိုင်ငံ၏ ရွှေ့ပြောင်း အလုပ်သမား ဈေးကွက်တွင် မြန်မာနိုင်ငံသည် အဓိက အလုပ်သမား စေလွှတ်သည့် နိုင်ငံ တစ်ခုအဖြစ် ရှိပြီး နှစ်နိုင်ငံကြား ဖြစ်ပေါ်နေသော အလုပ်ရှင်၊ အလုပ်သမား ပြဿနာများတွင် ထိုင်းအလုပ်ရှင်နှင့် အေဂျင်စီများမှ တာဝန်ယူမှု အားနည်းကြောင်း ထိုင်းနိုင်ငံသို့ စေလွှတ်နေသည့် မြန်မာပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများက ဆိုသည်။
Credit To >>> The Voice Weekly

0 comments:

Post a Comment