24.8.16

ဆရာ ဆရာမများအား လစာတိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ပြောကြား

ဆရာ ဆရာမများအား လစာတိုးပေးနိုင်ရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။
 
နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် သြဂုတ် ၂၃ ရက်က ပြုလုပ်သည့် ပညာရေးဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန လေးခု၏ ရက် ၁၀၀ အတွင်း ဆောင်ရွက်ခဲ့မှုများကို သတင်းထုတ်ပြန်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“ကျွန်တော်တို့ ရရှိနိုင်တဲ့ ၀င်ငွေအပေါ် မူတည်ပြီးတော့ တိုးပေးဖို့အတွက် လျာထားနေပါတယ်။ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှာဆိုရင် ငွေ ၁၀၀ ရလာရင် ၈၅ ရာခိုင်နှုန်းက ဒီအခြေခံပညာမှာရှိနေတဲ့ ဆရာ ဆရာမ အပါအ၀င် ၀န်ထမ်းတွေကို ပေးတဲ့အတွက် သုံးရပါတယ်။ ထုထည်ပမာဏကလည်း အလွန်ပဲကြီးပါတယ်”ဟု  ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက ပြောကြားသည်။
 
အခြေခံပညာဦးစီးဌာနတွင် ဆရာ၊ ဆရာမက သုံးသိန်း ခုနစ်သောင်းကျော်နှင့် အခြားဝန်ထမ်းနဲ့ ပေါင်းပါက လေးသိန်းကျော် ရှိကြောင်း၊ ထို့အတွက် ငွေကြေးပမာဏ ကြီးမားသဖြင့် စီစဉ်ဆောင်ရွက်နေသော်လည်း မည်သည့်အချိန်တွင် တိုးပေးမည်ကို မပြောနိုင်သေးကြောင်း ၎င်းက ပြောကြားသည်။
 
“အဲဒီတော့ ကျွန်တော်တို့ တစ်ခု တိုးပေးလိုက်တိုင်းမှာ လိုအပ်လာမယ့် ငွေကြေးပမာဏက အတော့်ကို ကြီးမားတာ ဖြစ်ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ အစီအစဉ်လေးတွေ လုပ်နေပါပြီ။ ရက်ကိုတော့ အတိအကျ မပြောနိုင်သေးပါဘူး။ တိုးတာတော့ တိုးပေးဖို့ စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းပဲ ဖြေကြားလိုပါတယ်”ဟု ဦးအောင်သန်းဦးက ပြောကြားသည်။
 
ဆက်လက်ပြီး “ဘယ်လောက်ကုန်မလဲ ဆိုတာ ကျွန်တော်တို့ဌာနက အင်အား ဘယ်လောက်ကြီးတယ်ဆိုတာ ပြောပြီးပါပြီ။ ဘယ်လောက်ရမလဲဆိုတဲ့ အပေါ်မှာလည်း မူတည်ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့က မျှတအောင် စီမံပေးမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းတွေမှာ သင်ကြားရေးတာဝန် ထမ်းဆောင်နေတဲ့ ဆရာဆရာမတွေ အားလုံးအတွက် စီမံလျက်ရှိကြောင်း တင်ပြလိုပါတယ်” ဟု ၎င်းကပြောကြားသည်။
 
လက်ရှိတွင် ဆက်သွယ်ရေးအခွန်အဖြစ် ရရှိသည့် အမ်ပီတီမှ တစ်လစာ ရခဲ့ပြီး ပညာရေးဝန်ကြီးဌာန၏ နည်းပညာနှင့် သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးသင်တန်းဆိုင်ရာ TVET အစီအစဉ်တွင် သုံးစွဲနေကြောင်း၊ ခွင့်ပြုချက်ရရှိပါက ဆရာ ဆရာမများအတွက် သုံးစွဲသွားလိုကြောင်းလည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
 
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအဆင့်တိုးမြှင့်သော ကျောင်း ၉၃၇ ကျောင်း၊ သတ်မှတ်ချက်ဖြေလျှော့၍ ခွင့်ပြုခဲ့သော ကျောင်း ၂၃၇၅ ကျောင်း၊ စုစုပေါင်း ၃၃၁၂ ကျောင်းကို ကျောင်းအဆင့်များ တိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။      
Credit To >>> Eleven Media Group

0 comments:

Post a Comment