24.8.16

ရန်ကုန်မြို့ရှိ အဓိကလမ်းမကြီး ၂၀ တွင် အများပိုင်ကုမ္ပဏီများ၏ ခရီးသည်တင်ယာဉ်လိုင်းများကိုသာ ပြေးဆွဲခွင့်ပြုတော့မည် ဖြစ်ပြီး လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စတင်မည်

ရန်ကုန်မြို့ရှိ အဓိကမလမ်းမကြီး ၂၀ တွင် အများပိုင်ကုမ္ပဏီများ၏ ခရီးသည်တင် ယာဉ်လိုင်းများကိုသာ ပြေးဆွဲခွင့်ပြုတော့မည်ဖြစ်ပြီး ယင်းအစီအစဉ်ကို နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် စတင်မည်ဖြစ်ကြောင်း မထသ (မြို့တွင်း) ဒုဥက္ကဋ္ဌ ဦးမင်းဇော်၏ ပြောကြားချက်အရ သိရသည်။
 
အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရေးနှင့် ပတ်သက်၍ သြဂုတ် ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးချုပ်က ခေါ်ယူအစည်းအဝေး ပြုလုပ်ရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဦးမင်းဇော်က ပြောကြားသည်။
 
“အဓိက လမ်းမကြီး ၂၀ မှာ အများပိုင်ကုမ္ပဏီတွေက ယာဉ်လိုင်းတွေကိုပဲ ပြေးဆွဲခွင့် ပြုတော့မယ်။ ကျန်တဲ့နေရာတွေမှာတော့ လက်ရှိယာဉ်လိုင်းတွေက ဆက်ဆွဲပေါ့။ အဲဒီ အများပိုင်ယာဉ်လိုင်းတွေဆွဲတဲ့ လမ်းကြောမှာ အခြားလမ်းကြောင်းတူ ယာဉ်လိုင်းတွေ လုံးဝပြေးဆွဲခွင့် မရှိတော့ဘူး။ ဒါပေမဲ့ အခြေပြုလမ်းကြောင်းမတူတဲ့ ဖြတ်သွားဖြတ်လာ တူတဲ့လိုင်းတွေတော့ ဆက်လက်ပြေးဆွဲခွင့်ရမယ်လို့ ပြောတယ်”ဟု ဦးမင်းဇော်က ဆက်လက် ပြောကြားသည်။
 
အဓိကလမ်းမကြီး ၂၀ တွင် ပြေးဆွဲမည်ဟု ဆိုရာတွင်  ဥပမာအားဖြင့် ထောက်ကြန့်-ပြည်လမ်း၊ ထောက်ကြန့်-အောင်မင်္ဂလာအဝေးပြေး-ကမ္ဘာအေးစေတီလမ်းကြောင်း၊ ရွှေပြည်သာ-လှော်ကား-အင်းစိန် လမ်းမ စသည့်နေရာများတွင် ပြေးဆွဲသွားမည်ဟု သိရသည်။
 
အများပိုင်ကုမ္ပဏီများ ပြေးဆွဲမည့်လမ်းကြောင်းနှင့် တူနေသည့် ယာဉ်လိုင်းများအား နစ်နာမှု မရှိစေရန်အတွက် အများပိုင်ကုမ္ပဏီများတွင် ၎င်းတို့၏ ယာဉ်များကို ပါဝင်ခွင့်ပြုထားပြီး ယင်းသို့ ပါဝင်ရာတွင် အဆင့်မြင့်ယာဉ်များ ဖြစ်စေရေးအတွက် ယာဉ်သစ်လဲရန် ဘဏ်ချေးငွေ၊ ကားစလစ်အပ်နှံရေး ပြည်ထောင်စုအစိုးရနှင့် ချိတ်ဆက်ပြီး ကူညီပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြိုးစားပေးမည်ဖြစ်ကြောင်း ဦးမင်းဇော်က ဆက်လက်ပြောကြားသည်။  
 
သို့ဖြစ်ရာ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းခွင့် လျှောက်ထားခြင်းကို ယခုလကုန်အထိ ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိတွင် ကုမ္ပဏီရှစ်ခု တင်ထားသည်ဟု သိရကြောင်း၊ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းမည့်သူများအနေဖြင့် ခရီးသည်တင်ယာဉ် အစီးရေ ၂၀၀ မျှသာ အများပိုင်ကုမ္ပဏီဖွဲ့စည်းခွင့်ရရှိမည်ဟု ပြောကြားခဲ့ကြောင်း ဦးမင်းဇော်က ဆိုသည်။
 
“လကုန်တဲ့အထိ အများပိုင်ကုမ္ပဏီ လျှောက်ခွင့်ပေးထားတယ်။ အခုထိ ကုမ္ပဏီရှစ်ခု တင်ထားတယ်လို့ပြောတယ်။ လကုန်နောက်ပိုင်းမှ လျှောက်ထားတဲ့သူကို ဖွဲ့ခွင့် မပေးတော့ဘဲ ဖွဲ့စည်းပြီးသား အများပိုင်ကုမ္ပဏီတွေထဲမှာပဲ ပူးပေါင်းခွင့်ပြုမယ်လို့ ပြောပါတယ်”ဟု ဦးမင်းဇော်က ပြောကြားသည်။ 
Credit To>>> Eleven Media Group

0 comments:

Post a Comment