24.8.16

ပြည်တွင်းရွှေဈေးနှုန်း စံချိန်တင်ဈေးနှုန်းအထိ ဖြစ်ပေါ်ပြီး ကျပ် ၈၆၈၀၀၀ ကျော်အထိ ရောက်ရှိ

နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာသောကြောင့် သြဂုတ် ၂၃ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၈၆၈၀၀၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့ပြီး သြဂုတ် ၂၂ ရက် အဖွင့်ဈေးနှင့် နှိုင်းယှဉ်ပါက နှစ်ရက်အတွင်း ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ရန်ကုန်မြို့အခြေစိုက် ရွှေဈေးကွက်အတွင်း ရောင်းဝယ်သူများထံမှ သိရသည်။
 
ကမ္ဘာ့ဈေးမြင့်တက်မှုကြောင့် အမြင့်ပိုင်းတွင်ရှိနေသော ပြည်တွင်းရွှေဈေးသည် ယခု ကမ္ဘာ့ရွှေဈေး အနည်းငယ်ပြန်လည် ကျဆင်းခဲ့သော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေခြင်းကြောင့် သြဂုတ် ၂၃ ရက်တွင် ကျပ် ၈၆၈၅၀၀ အထိ ဖြစ်ပေါ်ခဲ့သည်။
 
“လတ်တလော ကမ္ဘာ့ရွှေဈေး ကျနေပေမယ့် ပြည်တွင်းရွှေဈေးနှုန်းက ငွေလဲနှုန်း သိသိသာသာ မြင့်တက်လာတာကြောင့် ဈေးမကျနိုင်ဘူး။ ငွေလဲနှုန်း ဆက်တက်မယ့် အလားအလာတွေ ရှိမယ်ဆိုရင် ရွှေဈေးလည်း ဆက်တက်ဦးမှာပါ။ 
လက်ရှိရွှေဈေးကတော့ ၈၅၀၀၀၀ ကျော်၊ ပြီးတော့ ၈၆၀၀၀၀ ကျော်အထိ ဖြစ်လာပြီး စံချိန်တင် ထပ်မြင့်လာတာ ဖြစ်ပါတယ်”ဟု ရွှေဘုံသာလမ်းအခြေစိုက် ရွှေကုန်သည်တစ်ဦးက ပြောကြားသည်။
 
ပြီးခဲ့သော ဇွန်လကုန်ပိုင်းတွင် ဈေးနှုန်း စတင်မြင့်တက်ခဲ့သည့် ရွှေဈေးနှုန်းသည်  သြဂုတ်လအတွင်း ဈေးနှုန်းပြန်လည် လှုပ်ခတ်နေခြင်းဖြစ်သည်။ ဇူလိုင် ၁၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော ကျပ် ၈၅၀၀၀၀ ခန့်ဈေးနှုန်း၊ သြဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ကျပ် ၈၅၁၁၀၀ ဈေးနှုန်းနှင့် သြဂုတ် ၁၉ ရက်တွင် ဖြစ်ပေါ်သော ကျပ် ၈၅၅၀၀၀ တို့ကို ကျော်ဖြတ်ပြီး သြဂုတ် ၂၃ ရက်တွင် ကျပ် ၈၆၇၁၀၀ အထိ ထပ်မံမြင့်တက်ခဲ့သည်။ 
 
သြဂုတ် ၁၈ ရက်တွင် ကျပ် ၈၅၃၈၀၀ အထိ ဖြစ်ပေါ်ခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည် သြဂုတ် ၁၉ ရက်တွင် ကျပ် ၈၅၅၈၀၀ အထိ ဖြစ်ခဲ့ပြီး သြဂုတ် ၂၀ ရက် မွန်းလွဲပိုင်းတွင် ကျပ် ၈၅၅၂၀၀ ၀န်းကျင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သြဂုတ် ၁၉ ရက်မှ စတင်ကာ နိုင်ငံခြားငွေလဲနှုန်း သိသိသာသာ စတင်မြင့်တက်ခဲ့ပြီး သြဂုတ်၂၃ ရက်အထိ ဆက်တိုက်မြင့်တက်လာကာ ကျပ် ၈၆၇၀၀၀ ကျော်အထိ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
 
ကမ္ဘာ့ဈေးကွက်တွင် သြဂုတ် ၁၇ ရက် အထိ ရွှေတစ်အောင်စလျှင် ဒေါ်လာ ၁၃၄၃-၁၃၄၄ ၀န်းကျင်ဖြင့် ငြိမ်သက်နေရာမှ သြဂုတ် ၁၈ ရက်မှ စတင်ကာ ဒေါ်လာ ၁၃၄၀ နှင့် ၁၃၅၀ ကျော်ကြား အတက်အကျ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ သြဂုတ် ၂၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၃၄၁ ဒေါ်လာ၊ သြဂုတ် ၂၂ ရက်တွင် ၁၃၃၃ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ၁၃၃၆-၁၃၄၁ ၀န်းကျင် ဖြစ်ပေါ်နေသည်။ ပြည်တွင်းငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၂၀၀ တန်းသည် သြဂုတ် ၁၉ ရက် ညနေပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက် အထိ ဆက်တိုက် မြင့်တက်လာခဲ့သည်။ 
 
ငွေလဲနှုန်းကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် သြဂုတ် ၂၂ နှင့် ၂၃ ရက်တို့တွင် အတက်မြန်ခဲ့ပြီး သြဂုတ် ၂၂ ရက် နံနက်ပိုင်း ဈေးဖွင့်ချိန်တွင် ပေါက်ဈေး ကျပ် ၈၅၄၃၀၀ ရှိသော ရွှေဈေးနှုန်းသည် ညနေဈေးပိတ်ချိန်တွင် ကျပ် ၈၅၈၅၀၀ အထိ ကျပ် ၄၀၀၀ ကျော် မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ သြဂုတ် ၂၃ ရက်တွင်လည်း နံနက်ပိုင်း ဈေးဖွင့်ချိန်၌ ကျပ် ၈၅၉၇၀၀ ဖြင့် စတင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီကျော်ချိန်တွင် ကျပ် ၈၆၅၁၀၀၊ ညနေ ၄ နာရီ ၃၅ မိနစ်တွင် ကျပ် ၈၆၈၅၀၀ အထိ ဖြစ်ပေါ်ခဲ့ပြီး ဈေးနှုန်းအပြောင်းအလဲ လျင်မြန်စွာဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 Credit To>>> Eleven Media Group

0 comments:

Post a Comment