27.10.16

စီးပွားရေးလုပ်ကိုင်ဖို့ အလွယ်ကူဆုံးနေရာအဖြစ် နယူးဇီလန်က စင်ကာပူကို ကျော်ဖြတ် တက်လှမ်း

နယူးဇီလန်နိုင်ငံဟာ ယခုအခါမှာတော့ ကမ္ဘာပေါ်မှာ စီးပွားရေးလုပ်ကိုင်ဖို့ အလွယ်ကူဆုံးနေရာဖြစ်လာခဲ့ပြီလို့ ကမ္ဘာ့ဘဏ်ရဲ့လေ့လာချက်တွေအရသိရပါတယ်။ ယင်းထိပ်ဆုံးနေရာမှာ ဆယ်စုနှစ်ကြာ စိုးမိုးထားခဲ့တဲ့ စင်ကာပူနိုင်ငံကို ကျော်ပြီး ယခုလို တက်လှမ်းရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ယင်းနိုင်ငံမှာ ကုမ္ပဏီထောင်ဖို့ အကြောင်းဖန်လာခဲ့မယ်ဆိုရင် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေ လိုက်လုပ်ဖို့အတွက် နေ့တစ်ဝက်လောက်သာသာပဲကြာမြင့်မှာဖြစ်ပြီးတော့ ကမ္ဘာတစ်ဝန်း ပျမ်းမျှကြာချိန် ၂၁ ရက်ထက်အများကြီး သက်သာလွယ်ကူနေတာကို တွေ့နိုင်ပါတယ်။

အလားတူ ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်၊ မြေ၊အိမ်ယာအဆောက်အအုံဆိုင်ရာ မှတ်ပုံတင်တာ၊ ချေးငွေရယူတာ၊ လူနည်းစု ရင်းနှီးမြှုပ်နှံသူများအခွင့်အရေး ကာကွယ်တာ စတဲ့အပိုင်းတွေမှာကြည့်ရင်လည်း နယူးဇီလန်ဟာ ထိပ်ဆုံးနေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ အခွန်ဆောင်မှုလုပ်ငန်းစဉ်ကို လွယ်ကူအောင်လုပ်ဆောင်ပေးခဲ့မှုကြောင့်လည်း ယမန်နှစ်ကထက် ယင်းနိုင်ငံဟာ အဆင့်တစ်ဆင့် တိုးတက်လာခဲ့တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။

" လိုက်နာဖို့လွယ်ကူတဲ့ ရိုးရှင်းတဲ့ စည်းမျဉ်းတွေကြောင့်လည်း အစိုးရတစ်ရပ်အနေနဲ့ ယင်းရဲ့နိုင်ငံသားတွေကို လေးလေးစားစား ဆက်ဆံပေးထားတယ်ဆိုတာကို ပြသပေးနေပါတယ်၊ သူတို့တွေအနေနဲ့ အဲဒီမှာ စီးပွားရေးအခွင့်အလမ်းတွေ တိုက်ရိုက်ခံစားရရှိနိုင်မယ်၊ လုပ်ငန်းရှင်ဖြစ်မှု၊ အမျိုးသမီးတွေအတွက် ဈေးကွက်အခွင့်အလမ်းတွေ၊တရားဥပဒေစိုးမိုးမှုကို ပိုမိုထိန်းသိမ်းလိုက်နာနိုင်မှု စတဲ့ အကျိုးကျေးဇူးတွေကိုပါ ရရှိစေပါလိမ့်မယ်" လို့ ကမ္ဘာ့ဘဏ်ဒုဥက္ကဌ Paul Romer က ပြောပါတယ်။

ယခု အဆင့်သတ်မှတ်ချက်မှာတော့ စင်ကာပူ အဆင့် ၂ နေရာမှာ ရပ်တည်ခဲ့ပြီး ယင်းရဲ့နောက်မှာတော့ ဒိန်းမတ်၊ ဟောင်ကောင်၊တောင်ကိုရီးယား၊ နော်ဝေ၊ ဗြိတိန်၊ အမေရိကန်၊ ဆွီဒင် နဲ့ မက်ဆီဒိုနီးယားနိုင်ငံတွေ ရပ်တည်ထားနိုင်ခဲ့ပါတယ်။

ဗင်နီဇွဲလား၊ လစ်ဗျား၊ ဆိုမာလီယာတို့ကတော့ ယင်းအဆင့်သတ်မှတ်ချက်မှာ အောက်ဆုံးကသာပဲ ရပ်တည်ထားနိုင်ခဲ့ပါတယ်။


Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment