30.11.16

တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ အခန်းပေါင်း ၈ဝဝဝ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရောင်းချမည်

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂ဝ၁၆ မှ ၂ဝ၂ဝ ဘဏ္ဍာနှစ် အထိ ငါးနှစ်တာကာလအတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာအခန်းပေါင်း ၈ဝဝဝ ဆောက်လုပ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

''တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း မြေနေရာတွေ ချထားပေးပါတယ်။ တစ်နှစ်ထက်တစ်နှစ် လူဦးရေက သိသာစွာတိုးတက်နေတဲ့အတွက် ကျွန်တော်တို့ဌာနက အမှန်တကယ်အိမ်ရာလိုအပ်နေသူတွေ နေထိုင်ခွင့်ရရှိဖို့ ရည်ရွယ်ပြီး အိမ်ရာတွေဆောက်လုပ်ရောင်းချပေးနေတဲ့ တစ်ခုတည်းသောဌာနကြီးဖြစ်ပါတယ်''ဟု ၄င်းကပြောသည်။

တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်တွင် ချမ်းမြသာစည် မြို့နယ် မြရည်နန္ဒာရပ်ကွက် မမ/၂၇ တွင် လေးခန်းတွဲ လေးထပ် ၂၇ လုံး၊ အခန်းပေါင်း ၄၃၂ခန်း တည်ဆောက် ခဲ့ပြီး ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ဝန်ထမ်းလုပ်သက် ၂၅ နှစ် ရှိသူများနှင့် အငြိမ်းစားဝန်ထမ်းများအား ရောင်းချပေးခဲ့ သည်။ ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာရေးနှစ်တွင် ၄င်းနေရာအနီး၌ပင် ရှစ်ခန်းတွဲငါးထပ် အလုံး ၂ဝ၊ အခန်းပေါင်း ၈ဝဝကို ၂ဝ၁၅ ခုနှစ် ဇွန် ၁ ရက်တွင် ဆောက်လုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းနှင့် ဝင်ငွေနည်းပြည်သူများအတွက် အခန်းပေါင်း ၅၆ဝကို ရောင်းချပေးရန် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှစ၍ လျှောက်လွှာများလက်ခံလျက် ရှိပြီး ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် မဲစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်သည်။

လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ မြို့ပြ လူဦးရေ ၂၁၄၃၄၃၆ ဦးနှင့် ကျေးလက်လူဦးရေ ၄ဝ၂၂၂၈၇ ဦးတို့ နေထိုင်လျက်ရှိရာ မြို့ပြနှင့် ကျေးလက် လူဦးရေအချိုးမှာ ၃၄ ဒသမ ၈ ရာခိုင်နှုန်းရှိနေသဖြင့် ကျေးလက်နေပြည်သူများအတွက်ပါတွက်ချက်၍ အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန်Town Plan များရေးဆွဲနေကြောင်းသိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment