17.11.16

NLD အစိုးရလက်ထက် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၁၀ အထိ စံချိန်တင် ရောက်ရှိလာပြီး အစိုးရသက်တမ်း ခုနစ်လကျော်အတွင်း အနိမ့်ဆုံးနှုန်းနှင့် နှိုင်းယှဉ်ပါက တစ်ဒေါ်လာ ၁၅၇ ကျပ် မြင့်တက်

NLD အစိုးရလက်ထက် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၁၀ အထိ စံချိန်တင် ရောက်ရှိလာပြီး အစိုးရသက်တမ်း ခုနစ်လကျော်အတွင်း အနိမ့်ဆုံးငွေလဲနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၅၇ ကျပ်မြင့်တက်လာကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
နိုဝင်ဘာ ၁၆ ရက်တွင် ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း ဆက်လက် မြင့်တက်နေခြင်းကြောင့် ပြည်တွင်း ဈေးကွက်၌ သက်ရောက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ နိုဝင်ဘာ ၁၆ ရက်တွင် ဒေါ်လာ ဈေးညွှန်းကိန်း ၁၀၀ ဒသမ ၂၆ အထိ မြင့်တက်ခဲ့ကာ မွန်းလွဲပိုင်းတွင် ၁၀၀ ဒသမ ၂၂ ပွိုင့်အထိ ပြန်ကျခဲ့သည်။ အခြားကမ္ဘာ့အဓိက ငွေကြေးများနှင့် နှိုင်းယှဉ်ပါက ဒေါ်လာဈေး ဆက်မာနေပြီး နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် တစ်ယူရိုလျှင် ၁ ဒသမ ၀၇ ဒေါ်လာ၊ တစ်ပေါင်လျှင် ၁ ဒသမ ၂၄ ဒေါ် လာ၊ တစ်ဒေါ်လာလျှင် ၁၀၉ ဒသမ ၄၅ ယန်း ပေါက်ဈေး ရှိနေသည်။
ပြည်တွင်းဈေးကွက်တွင် နိုဝင်ဘာ ၁၀ ရက်မှ စတင်ကာ ဒေါ်လာဈေး ဆက်တိုက် မြင့်တက်လာပြီး နိုဝင်ဘာ ၁၀ ရက်တွင် ၁၂၉၃ ကျပ်၊ နိုဝင်ဘာ ၁၁ ရက်တွင် ၁၂၉၉ ကျပ်၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ၁၃၀၂ ကျပ်၊ နိုဝင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ၁၃၀၄- ၁၃၀၆ ကျပ်ကြား အတက်အကျ ဖြစ်ပေါ်ခဲ့သည်။ နိုဝင်ဘာ ၁၆ ရက်တွင် ၁၃၀၅ ကျပ်ဖြင့် ဈေးဖွင့်ခဲ့သော်လည်း မွန်းလွဲ ၂ နာရီခွဲ ၀န်းကျင်တွင် ကျပ် ၁၃၁၀ အထိ ခုန်တက်ခဲ့ခြင်းဖြစ်သည်။
ဈေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၁၆ ရက် ၌ ပို့ကုန်ရငွေဈေးသည် ၁၃၁၇ ကျပ်အထိ ဖြစ်ပေါ်ခဲ့ပြီး စင်ကာပူမှ အခြားနိုင်ငံများသို့ ငွေလွှဲဈေးနှုန်း (Away) သည် ၀ယ်ဈေး ၁၃၁၉ ကျပ်၊ ရောင်းဈေးကျပ် ၁၃၂၀ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
ပြင်ပဈေးကွက်အတွင်း နိုင်ငံခြား ငွေလဲနှုန်း ဆက်တိုက် မြင့်တက်လာခြင်းကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကို နိုဝင်ဘာ ၁၆ ရက်တွင် တစ်ဒေါ်လာ ၁၂၈၇ ကျပ်အဖြစ် နှစ်ကျပ် တိုးမြှင့်ခဲ့သည်။ အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ ဗဟိုဘဏ်၏ ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကို ၁၂၈၅ ကျပ်အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအစိုးရ စတင်တက်ရောက်သော ဧပြီ ၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း ၁၁၉၃ ကျပ် ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်သော ၁၃၁၀ ကျပ်နှင့် နှိုင်းယှဉ်ပါက ၁၁၇ ကျပ်ကွာဟခဲ့ရာ ရာခိုင်နှုန်း အနေဖြင့် ၉ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဧပြီ ၂၄ ရက်တွင် ဖြစ်ပေါ်ခဲ့သော လက်ရှိအစိုးရ လက်ထက် အနိမ့်ဆုံး ဒေါ်လာဈေးနှုန်းမှာ ၁၁၅၃ ကျပ်ဖြစ်ပြီး ယခုဖြစ်ပေါ်သော ကျပ် ၁၃၁၀ နှင့် နှိုင်းယှဉ်ပါက ၁၅၇ ကျပ် မြင့်တက်ခဲ့ရာ ရာခိုင်နှုန်း အနေဖြင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးမြင့် တက်မှုနှင့်အတူ ကမ္ဘာ့ရွှေဈေးလည်း မြင့်တက်လာသောကြောင့် ပြည်တွင်းရွှေဈေးနှုန်းသည် ကျပ် ၈၆၅၀၀၀ ကျော်အထိ ပြန်မြင့်လာသည်။ နိုဝင်ဘာ ၁၀ ရက်တွင် ကျပ် ၈၈၄၅၀၀၊ နိုဝင်ဘာ ၁၁ ရက်တွင် ကျပ် ၈၇၄၂၀၀၊ နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်တွင် ကျပ် ၈၆၁၄၀၀-၈၆၂၀၀၀ ကြား၊ နိုဝင်ဘာ ၁၄ ရက်တွင် ကျပ် ၈၅၅၁၀၀ အထိ ဆက်တိုက် ကျဆင်းလာသော ရွှေဈေးနှုန်းသည် နိုဝင်ဘာ ၁၅ ရက်တွင် ကျပ် ၈၆၁၆၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၁၆ ၌ ကျပ် ၈၆၂၅၀၀ ဖြင့် ဈေးဖွင့်ခဲ့ကာ မွန်းလွဲ ၂ နာရီ ခွဲဝန်းကျင်တွင် ကျပ် ၈၆၅၅၀၀ အထိ ဈေးမြင့်တက်ခဲ့ကြောင်း သိရသည်။



Credit To >>> Eleven Media Group

0 comments:

Post a Comment