17.1.17

ဘဏ္ဍာနှစ်ကုန်ဆုံးရန် နှစ်လခွဲခန့်အလိုတွင် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့်ရှိ အဆိုပြုလွှာ ၇၀ ခန့် MIC သို့ လာရောက်တင်ပြထားပြီး ယခုဘဏ္ဍာနှစ် လျာထားချက် ကျော်လွန်နိုင်

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကုန်ဆုံးရန် နှစ်လခွဲခန့်အလိုတွင် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံနိုင်ရန် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံခန့် တန်ဖိုးရှိ အဆိုပြုလွှာ ၇၀ ခန့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် (MIC) သို့ လာရောက်တင်ပြထားပြီး ယခုဘဏ္ဍာနှစ် လျာထားချက်ထက် ကျော်လွန်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဇန်န၀ါရီလဆန်းအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၀င်ရောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းတို့ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄ ဒသမ ၅ ဘီလျံခန့် ၀င်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။


“လျာထားချက်က ခြောက်ဘီလျံလောက်ပါ။ အခုအားလုံးပေါင်းက ၄ ဒသမ ၅ ဘီလျံ လောက်ရှိနေပါတယ်။ ဘဏ္ဍာနှစ်ကုန်ဖို့က သုံးလလောက်နီးနီး နှစ်လခွဲလောက် ကျန်ပါသေးတယ်။ ကျွန်တော်တို့ဆီမှာ ထပ်မံရောက်ရှိလာတဲ့ အဆိုပြုလွှာတွေက အရင်အပတ် က ၅၂ ခု၊ ဒီတစ်ပတ်မှာလည်း ထပ်ရောက်လာတော့ အားလုံး ၇၀ လောက်ရှိတယ်။ ဒီ ၇၀ ရဲ့ပမာဏကို ပေါင်းလိုက်ရင် ဒေါ်လာ ၃ ဒသမ ၄ ဘီလျံလောက် လက်ထဲမှာ ကျန်ပါသေးတယ်။ အဲဒီ ၃ ဒသမ ၄ ဘီလျံလောက်ကို မတ်လမတိုင်ခင် ထပ်ပြီးပေးလိုက်နိုင်မယ်ဆိုရင် ဒီနှစ်လျာထားချက် ခြောက်ဘီလျံကို ကျော်သွားမှာဖြစ်ပါတယ်” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာခြောက် ဘီလျံဝင်ရောက်ရန် လျာထားရာ ဘဏ္ဍာနှစ် အစောပိုင်းကာလက ရင်းနှီးမြှုပ်နှံခြင်း ၀င်ရောက်မှုအားနည်းနေသဖြင့် ယခုနှစ်လျာထားချက်ပြည့်မီရန် စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။ သို့သော် ပြီးခဲ့သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများက ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုအားကောင်းခဲ့သဖြင့် ယခုနှစ်အတွက် လျာထားချက် ခြောက်ဘီလျံထက် ကျော်လွန်ဝင်ရောက်နိုင်ကြောင်း ဦးအောင်နိုင်ဦးက ခန့်မှန်းထားသည်။

“ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်တယ်ဆိုတာက ထပ်မံရင်းနှီးမြှုပ်နှံခြင်း(Re-investment) လို့ခေါ်တယ်။ လုပ်ငန်းတစ်ခုက သူလုပ်ကိုင်နေရင်း သူရတဲ့အမြတ်တွေကို မြန်မာနိုင်ငံသားဆိုလည်း မြတ်လို့ထုတ်မသုံးဘူးပေါ့။ နိုင်ငံခြားသားဆိုလည်း သူ့နိုင်ငံသူ ပြန်မပို့ဘူးပေါ့။ မပို့ဘဲ ရတဲ့အမြတ်ကို ထပ်ပြီးချဲ့တာပေါ့။ အဲဒါက ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းလို့ ခေါ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Credit To >>> Eleven Media Group

0 comments:

Post a Comment