17.1.17

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းက ဇန်န၀ါရီ ၁၆ ရက်တွင် ပြောကြားသည်။

အဆိုပါဥပဒေကြမ်းများနှင့် ပတ်သက်၍ လာမည့်လွှတ်တော် အစည်းအဝေးများတွင် ပူးပေါင်းအဖွဲ့များဖွဲ့ကာ စိစစ်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီက အစည်းအဝေးပြုလုပ်ကာ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဥပဒေကြမ်းတွေကတော့ နေပြည်တော်က ငွေစာရင်းပူးပေါင်းကော်မတီတော့ ရောက်နေပါပြီ။ ကျွန်တော်က ၁၈ ရက် လောက်ကျရင် နေပြည်တော်ရောက်ပါမယ်။ နေပြည်တော်ရောက်ပြီးမှ ဒုတိယနာယကဆီကို သတင်းပို့မယ်လေ။ ဘယ်တော့ ခေါ်ကြမလဲ၊ ကျွန်တော်တို့ ကြိုခေါ်မလားပေါ့။ ချက်ချင်းကြီးတော့ မခေါ်နိုင်လောက်သေးဘူး။ ဒါက ကျွန်တော်တို့ အစည်းအဝေးတစ်ခုတည်းနဲ့တင် မပြတ်တဲ့အတွက်ပါ။ အဲဒီတော့ အရင်လုပ်နေတဲ့ ပုံစံအတိုင်းပဲပေါ့နော်။ စိစစ်ဖို့ရာ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ကော်မတီဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေပါနဲ့ အဖွဲ့တွေခွဲပြီး ၀န်ကြီးဌာနတွေကို စိစစ်ဦးမှာပါ။ သူတို့စိစစ်ပြီးမှ ကျွန်တော်တို့က နောက်ဆုံးအစည်းအဝေးထိုင်ပြီး ဆုံးဖြတ်ရမှာပါ။ အစည်းအဝေးကတော့ ကျွန်တော်ထင်တယ် လွှတ်တော်အစည်းအဝေးက ၃၀ ရက်မှ ပြန်ခေါ်မှာဆိုတော့ အဲဒီနောက်ပိုင်းမှ ဖြစ်မှာပါ။ လတ်တလောကတော့ ကျွန်တော်တို့ထိုင်တဲ့ အစည်းအဝေးကတော့ ဘယ်လိုဆက်ဆောင်ရွက်မလဲ။ ဘယ်လိုအခြေအနေ ရှိမလဲဆိုတာမျိုးလေးပဲ ဖြစ်နိုင်မှာပါ။ ပြည်ထောင်စုလွှတ်တော်ကို တင်နိုင်လောက်တဲ့အထိ မဖြစ်သေးပါဘူး။ ကျွန်တော်တို့က လွှတ်တော်ကို အစီရင်ခံစာတင်ဖို့ဆိုတာကတော့ ခုနပြောသလို လွှတ်တော်အစည်းအဝေးလည်း ပြန်စရမယ်။ ပြီးတော့ လွှတ်တော်ကိုယ်စား လှယ်တွေအားလုံး စုံလာပြီးတော့ ၀န်ကြီးဌာနအလိုက် တာဝန်ခံပြီးစိစစ်ဖို့ အဖွဲ့တွေခွဲပြီး သူတို့စိစစ်ပြီးမှ အဲဒီ စိစစ်ချက်တွေပေါင်းပြီးမှ ကျွန်တော်တို့က လွှတ်တော်ကိုတင်ပြနိုင်တဲ့ အခြေအနေလုပ်ရမှာပါ။ အဲဒီအခါမှ ကျွန်တော်တို့ရဲ့ ငွေစာရင်း ပူးပေါင်းကော်မတီရဲ့ နောက်ဆုံးအစည်းအဝေး ဖြစ်မှာပါ” ဟု ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးအောင်မင်းက ပြောကြားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကိုဆွေးနွေးရန် ဘဏ္ဍာရေး ကော်မရှင်အစည်းအဝေးကို ဇန်န၀ါရီ ၉ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါအစည်းအဝေး၌ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြည်ထောင်စုဌာန အဖွဲ့အစည်းများ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းချုပ်ရငွေ စုစုပေါင်းမှာ ကျပ် ၁၆ ဒသမ ၇၆၈ ထရီလျံဖြစ်ပြီး သုံးငွေ စုစုပေါင်းမှာ ကျပ် ၂၀ ဒသမ ၈၉၆ ထရီလျံဖြစ်ကြောင်း၊ ထို့ကြောင့် စုစုပေါင်း လိုငွေပမာဏမှာ ကျပ် ၄ ဒသမ ၁၂၈ ထရီလျံဖြစ်ပါကြောင်း၊ ဂျီဒီပီတန်ဖိုးမှာ ကျပ် ၉၁ ဒသမ ၃၁၉ ထရီလျံ ဖြစ်သည့်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွက် လိုငွေနှင့် ဂျီဒီပီအချိုးမှာ ၄ ဒသမ ၅၂ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အထက်ပါ သုံးငွေများတွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ လိုငွေအတွက် ထောက်ပံ့ပေးသည့် ကျပ် ၁၇၀၇ ဘီလျံ ပါဝင်ပြီးဖြစ်ပါကြောင်း၊ ပြည်ပအကူအညီ ရငွေ ကျပ် ၆၁၈ ဒသမ ၉၂၆ ဘီလျံအပြင် ပြည်ပချေးယူရငွေ ကျပ် ၁၉၁၇ ဒသမ ၃၁၄ ဘီလျံပါဝင်ကြောင်း၊ ကြိုတင်မမျှော်မှန်းနိုင်သည့် သဘာဝဘေးအန္တရာယ်များအတွက်နှင့် မဖြစ်မနေ အရေးပေါ်သုံးစွဲရမည့် ကိစ္စရပ်များအတွက် သီးသန့်ရန်ပုံငွေ ကျပ် ဘီလျံ ၁၀၀ ကို ယခင်နှစ်များနည်းတူ ထည့်သွင်းလျာထားကြောင်း၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကျပ် ဘီလျံ ၂၀ ကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေအတွက် နိုင်ငံတော်မှ ထည့်ဝင်ပေးရန်လျာထားကြောင်း၊ ထိုသို့ ထည့်ဝင်ပေးခြင်းကို ယခင်နှစ်မှစ၍ ထည့်ဝင်ပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါနှစ်တွင် ကျပ် ဘီလျံ ၂၀ ထည့်ဝင်ပေးခဲ့ကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေမှ ထောက်ပံ့ပေးငွေ အပါအ၀င် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ ငွေစာရင်းနှင့် ၎င်းကိုအခြေပြုရေးဆွဲထားသည့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဘဏ္ဍာရေး ကော်မရှင်မှ အတည်ပြုပေးနိုင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ အမျိုးသားစီမံကိန်းကော်မရှင် (၁/ ၂၀၁၇) အစည်းအဝေးကို ဇန်န၀ါရီ ၉ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းမှာ NLD အစိုးရလက်ထက်တွင် ပထမဆုံးရေး ဆွဲထားခြင်း ဖြစ်သည်။ 
Credit To >>> Eleven Media Group

0 comments:

Post a Comment