1.2.17

မြန်မာ့စီးပွားရေးတိုးတက်မှု ကိုးလအတွင်း ၁ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းဟု ကမ္ဘာ့ဘဏ်ထုတ်ပြန်


လယ်ယာကဏ္ဍတွင် ထုတ်လုပ်မှုကျဆင်းခြင်းကြောင့် အစိုးရသစ်လက်ထက် ကိုးလ အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ၁ ဒသမ ၃ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း ကမ္ဘာ့ ဘဏ် အကြီးတန်း ဘောဂဗေဒ ပညာရှင် မစ္စတာဟာဘစ်ရက်ဘ် က ပြောသည်။

၂၀၁၆ နှစ်လယ်က ထုတ် ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင် ခံစာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှု (GDP တိုးတက်မှုနှုန်း)ကို ၇ ဒသမ ၈ ရာခိုင်နှုန်း ခန့်မှန်း ထားသော်လည်း လယ်ယာစိုက် ပျိုးရေးကဏ္ဍတွင် ထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် နှစ်ကုန်ချိန်၌ ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းလာသည်ဟု မစ္စတာဟာ ဘစ်ရက်ဘ်က ဆိုသည်။

စီးပွားရေး တိုးတက်မှုနှုန်း ကျဆင်းခဲ့သော်လည်း ငွေကြေး ဖောင်းပွမှုသည် ၂၀၁၆တွင် ၈ ဒသမ ၉ ရာခိုင်နှုန်းရှိနေသည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ၌ ဖော် ပြထားသည်။

‘‘အစိုးရသစ် စတင်ချိန် စီးပွားရေးမှာ စိန်ခေါ်မှုတွေရှိခဲ့ တယ်။ ပြန်လည်နာလန်ထူဖို့က အခုအထိ ဆောင်ရွက်နေဆဲပဲ’’ဟု မစ္စတာ ဟာဘစ်ရက်ဘ်က ပြော သည်။ စီးပွားရေး ကျဆင်းမှုများ၏ အကျိုးဆက်များအဖြစ် ကုန် ပစ္စည်း ဈေးနှုန်းမတည်မငြိမ်ဖြစ်ပြီး တန်ဖိုးမြင့်တက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုး ကျဆင်းခြင်း၊ နိုင်ငံရေး အခြေအနေ အပြောင်းအလဲကို စောင့်ကြည့်ခြင်းကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အဝင်နည်းခြင်းတို့ ကြုံတွေ့ခဲ့ရသည်ဟုဆိုသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ပို့ ကုန် ကဏ္ဍတွင် ၃၀ ရာခိုင်နှုန်း ကျော်အထိ ပါဝင်သော သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်မှု ကျဆင်း လာခြင်းကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်ဟု ၂၀၁၆ ဒီဇင်ဘာ တွင် ထုတ်ပြန်သော ကမ္ဘာ့ဘဏ် ၏ မြန်မာ့စီးပွားရေး စောင့်ကြည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၁၆ ပထမခြောက်လပိုင်း တွင် ငွေကြေး ဖောင်းပွမှု မြင့်မားပြီး ရာသီဥတု ဖောက်ပြန်မှု ကြောင့် ကုန်စည်ထောက်ပံ့ပေးမှု ခက်ခဲခြင်းများ ကြုံတွေ့ခဲ့ကာ ဒုတိယခြောက်လပတ်တွင် ငွေကြေး ဖောင်းပွမှု ဆက်လက် မြင့်တက်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဘဏ်က ထုတ်ပြန် သော မြန်မာ့စီးပွားရေး စောင့် ကြည့် အစီရင်ခံစာကို တစ်နှစ် လျှင် နှစ်ကြိမ် ထုတ်ပြန်ပြီး နှစ် လယ်ပိုင်း မေလဝန်းကျင်နှင့် ဒီဇင်ဘာတို့တွင် ထုတ်ပြန်လေ့ရှိ သည်။ ထို့အပြင် ၂၀၁၇ အပါအဝင် လာမည့်သုံးနှစ်အတွင်း မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို ကမ္ဘာ့ဘဏ်က ခန့်မှန်းရာ၌ တစ်နှစ်လျှင် ပျမ်းမျှ (ဂျီဒီပီ) ၇ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားသည်။

ငွေကြေး ဖောင်းပွမှုသည် ၂၀၁၆ ထက် လျော့နည်းနိုင်ပြီး လူသုံးကုန် ထုတ်လုပ်ရေး၊ ခရီးသွား၊ အခြေခံ အဆောက်အအုံ ပိုင်းဆိုင်ရာ ဝန်ဆောင်မှု၊ အသေးစားနှင့် အလတ်စား လုပ်ငန်းတို့ တွင် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

Credit To >>> 7 Day Daily

0 comments:

Post a Comment