1.2.17

အဆင့်မြင့်ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ရေး တောင်ကိုရီးယားနှင့်အမေရိကန်ကာကွယ်ရေးဝန်ကြီးများ ထပ်လောင်းအတည်ပြု

Image may contain: sky, cloud and outdoor
တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်၏ အဆင့်မြင့်ပဲ့ထိန်းဒုံးကျည်ကာကွယ်ရေးစနစ် (တီအိတ်ခ်ျအေအေဒီ) ဖြန့်ကြက်သွားရန် နှစ်နိုင်ငံသဘောတူညီချက်ကို အမေရိကန်နှင့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး များက ဇန်နဝါရီ ၃၁ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့ကြကြောင်း ယနေ့ဆင်ဟွာ သတင်းတွင် ဖော်ပြသည်။

သမ္မတ ဒေါ်နယ်လ်ထရန့်၏အစိုးရအဖွဲ့၏ ပထမဆုံးကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ် နှင့် တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ဟန်မင်ကူးတို့သည် ဇန်နဝါရီ ၃၁ ရက်တွင် တယ်လီဖုန်းဖြင့် ပထမဆုံးဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများသည် ကိုရီးယားကျွန်းဆွယ် လုံခြုံရေးအခြေအနေကို ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယား၏အဏုမြူလက်နက်နှင့် ပဲ့ထိန်းဒုံးကျည်လက်နက်များဖြင့် ခြိမ်းခြောက်နေမှုကို ရင်ဆိုင်နိုင်ရေးအတွက် တောင်ကိုရီးယားနှင့် အမေရိကန်တို့ ကာကွယ်ရေးစွမ်းရည်များ မြှင့်တင်ကြရန် သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် ယင်းနိုင်ငံအနေဖြင့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်နိုင်ရေး ပြင်ဆင်မှုသည် နောက်ဆုံးအဆင့်သို့ဝင်ရောက်နေပြီဟူ၍ ဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး တောင်ကိုရီးယားနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့က စိုးရိမ်ကြောင့်ကြမှုဖြစ်ကြရသည်ဆို၏။

တောင်ကိုရီးယားနှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီးတို့က အမေရိကန်၏ဒုံးခွင်းဒုံးစနစ်(တီအိတ်ခ်ျအေအေဒီ)ကို အစီအစဉ်အတိုင်း တပ်ဆင်ချထားနိုင်ရေးအတွက် တွန်းအားပေးလုပ်ဆောင်ကြရန် သဘောတူညီကြသည်။ တောင်ကိုရီးယားနှင့် အမေရိကန် နိုင်ငံတို့သည် တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းဒေသတွင် ယခုနှစ်ကုန်နောက်ဆုံးထား၍ (တီအိတ်ခ်ျအေအေဒီ)ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန့်ကြက်မည်ဟု လွန်ခဲ့သည့်နှစ် ဇူလိုင်လက ရုတ်ခြည်းထုတ်ပြန် ကြေညာခဲ့ကြသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment