10.4.13

၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံနှင့် မြေနီကုန်းလမ်းဆုံတို့တွင် ခုံးကျော်တံတားနှစ်စင်း ထပ်မံတည်ဆောက်မည်

w1-9-4-11လှည်းတန်း ခုံးကျော်တံတားအား ဧပြီလ ၉ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - နီလာ)
ရန်ကုန်မြို့တွင် လက်ရှိတည်ဆောက်ဆဲ ခုံးကျော်တံတားများအပြင် ၈ မိုင်လမ်းဆုံနှင့် မြေနီကုန်းလမ်းဆုံတို့တွင် ခုံးကျော်တံတားနှစ်စင်းကို ၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

''ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ချနိုင်ဖို့ ခုံးကျော်တံတားတွေ တည်ဆောက်လျက်ရှိရာမှာ လှည်းတန်းခုံးကျော်တံတားက ပြီးသွားပြီ။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်ကတော့ ဆောက်လုပ်ဆဲပေါ့။ မကြာခင်မှာ ၈ မိုင်နဲ့ မြေနီကုန်း မီးပွိုင့်တွေမှာ ခုံးကျော်တံတားတစ်စင်းစီ ထပ်မံတည် ဆောက်သွားမှာပါ။ ၂၀၁၃ နှစ်ကုန်ပိုင်းမှာ စတင်နိုင်ဖို့ လျာထားပြီး အတွေ့အကြုံရှိတဲ့ ကုမ္ပဏီကို ရွေးချယ် လုပ်ကိုင်စေဖို့ကိုလည်း ဆောင်ရွက်သွားမှာပါ''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လမ်း၊ တံတားဌာနမှ ဒုတိယဌာနမှူး ဦးစည်သူလွင်က ပြောသည်။
လှည်းတန်းခုံးကျော်တံတားပေါ်မှ ဆင်းလာမည့် ယာဉ်များနှင့် ရန်ကုန်-အင်းစိန်လမ်းအတိုင်း ရန်ကုန်ဘက်သို့ ထွက်ခွာလာမည့် ယာဉ်များ တံတားအဆင်း၌ ဆုံကာ ရန်ကုန် -ပြည်လမ်းအတိုင်း ဖြတ်သန်းသွားကြမည်ဖြစ်ရာ ဟံသာဝတီအ၀ိုင်း၊ မဟာမြိုင်နှင့် မြေနီကုန်းတို့တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
''လှည်းတန်း တံတားဆောက်နေတုန်းကလှည်းတန်းမှာ နှစ်ခါသုံးခါထပ်ပြီး မီးပွိုင့်မိတယ်။ မီးပွိုင့်မှာတင် တစ်နာရီကျော် ပိတ်မိနေတတ်တယ်။မြေနီကုန်းနဲ့ ၈မိုင်ခုံးကျော် တံတားဆောက်တဲ့ အခါအတွေ့အကြုံ ရှိပြီး ငွေကြေးအရင်းအနှီး၊ လူအင်အားသုံးပြီး လုပ်နိုင်ကိုင်နိုင်တဲ့ ကုမ္ပဏီမျိုးကို လုပ်ကိုင်ခွင့်ပြုသင့်တယ်။မဟုတ်ရင် အဲဒီတည်ဆောက်ရေးကာလမှာတင် ယာဉ်ကြောပိတ်ဆို့မှုက နှစ်ဆ ဖြစ်သွားရော'' ဟု ရန်ကုန်မြို့ခံတစ်ဦးက သုံးသပ်သည်။
EMG

0 comments:

Post a Comment