14.6.13

တရားဥပဒေစိုးမိုးရေး မှသည် အေးချမ်းတည်ငြိမ်သော ပြည်သူ့ဘဝများ ဆီသို့



 ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ ထုတ်ကြေးမုံ သတင်းစာတွင် ဖတ်ရှုလိုက်ရသဖြင့် ကျွန်တော့်အနေနှင့်များစွာ တုန်လှုပ်မိပါသည်။ မြန်မာနိုင်ငံ ကဲ့သို့ ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံ တစ်နိုင်ငံအတွက် ထိုပမာဏမှာ များလွန်းသည်ဟု ကျွန်တော်ယူဆပါသည်။

သတင်းစာတွင် ဆက်လက်ရေးသားထားရာ၌ လူသတ်မှုဖြစ်ပွားရခြင်းမှာ စိတ်ရောဂါ ဝေဒ နာ ဖြစ်နေခြင်း၊ အလိုလောဘကို ထိန်းသိမ်းနိုင်မှု မရှိခြင်း၊ မိန်းမကိစ္စကြောင့် ကျူးလွန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံစိတ် မရှိခြင်း၊ ရန်ငြိုးရန်စများကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် မဖြေရှင်းခြင်း တို့ကြောင့် ဖြစ်ပွားခဲ့ရကြောင်း ဖော်ပြထားပြီး မုဒိမ်းမှုများနှင့် ပတ်သက်၍လည်း အရက်သေစာ သောက်စားခြင်း၊ ကာမရာဂကို အသားပေးသော တရားမဝင် ဆင်ဆာ မဲ့ ပြည်ပရုပ်ရှင်များ ကြည့်ရှုခြင်းဖြင့် အလိုရမ္မက်ကို မထိန်းသိမ်းနိုင်ပဲ လူစိတ်ပျောက်ကာ ကျူးလွန်ခြင်း၊ မူးယစ်ထုံထိုင်းစေသည့် ဆေးဝါးများ အလွဲသုံးခြင်းတို့ကြောင့် ဖြစ်ပွား ရခြင်း ဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသည်ကို ဆက်လက် ဖတ်ရှုရပါသည်။ ဖော်ပြပါ သုံးသပ်ချက်များမှာ အဆိုပါ မှုခင်းများသည် လောဘ၊ ဒေါသ၊ ကာမရာဂစိတ် များကြောင့် ဖြစ်ပွားရခြင်း ဖြစ်ကြောင်း ယေဘုယျ သုံးသပ်ထားခြင်း ဖြစ်ပါသည်။

ကျွန်တော့်အနေနှင့် ဤဆောင်းပါးတွင် ပြစ်မှုတစ်ခုကို ကျူးလွန်ရခြင်းမှာ လောဘ၊ ဒေါသ စသည့် စိတ်များကြောင့် ဖြစ်ရကြောင်းနှင့် ဤသို့ ဖြစ်ပေါ်လာသော အကုသိုလ်စိတ်များ လျော့ နည်းစေရန် မည်သို့ လုပ်ဆောင်သင့်ကြောင်း ဉာဏ်မီသရွေ့ အကြံပြုသုံးသပ်ဆွေးနွေး တင်ပြ သွားမည် ဖြစ်ပါသည်။ကျွန်တော်သည် ဓမ္မကထိကတစ်ဦး မဟုတ်သလို ဥပဒေပညာရှင်တစ်ဦး လည်း မဟုတ်ကြောင်း ဦးစွာ တင်ပြလိုပါသည်။

လူမှန်လျှင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန မည်သူမျှ ကင်းနိုင်ကြသည် မဟုတ်ပါ။ သို့ရာတွင် အဆိုပါ လောဘ၊ ဒေါသစိတ်များ မဖြစ်ပေါ်စေရန် လည်းကောင်း၊ ဖြစ်ပေါ် လာသောလောဘ၊ ဒေါသစိတ်များ ပိုမိုကြီးထွားလာ ခြင်းအားဖြင့် မလိုလားအပ်သော၊ မဖြစ်သင့်သော ပြဿနာများ မဖြစ်ပေါ်လာစေရန်အတွက် ၎င်းစိတ်များကို ချိုးနှိမ်လျော့ ပါးစေခြင်းဖြင့် လည်းကောင်း ပြစ်မှုများ ဖြစ်ပွားခြင်းကို အထိုက်အလျောက်ကြိုတင် ကာကွယ်နိုင် မည် ဖြစ်ပါသည်။

လူတစ်ယောက်သည် သာမန် ရှိသင့်သည်ထက် ပိုမို၍ လောဘကြီးခြင်း၊ ဒေါသကြီးခြင်း တို့ သည် ‘ပညာမဲ့မှု’ တွင် အခြေခံသည်ဟု ကျွန်တော် ယုံကြည်လက်ခံပါသည်။ ပစ္စည်းဥစ္စာကို ရယူလိုသည့် အတွက် လူသတ်ခြင်း၊ မခံချင်စိတ်၊ လက်စားချေလို စိတ်ကြောင့် လူသတ်ခြင်း၊ အလိုမတူဘဲ ကာမကို အဓမ္မရယူခြင်း၊ သူတစ်ပါးပိုင် ပစ္စည်းကို ပိုင်ရှင်၏ ခွင့်ပြုချက်မရှိဘဲ မရိုးဖြောင့် သောသဘောဖြင့် မတရား ရယူခြင်းတို့သည် သာမန် အသိဉာဏ် ပညာရှိသည့် လူတစ်ဦးအဖို့ ကျူးလွန်ရန် ခက်ခဲမည် ဖြစ်ပါသည်။ ‘ပညာမဲ့မှု’ ဟု ဆိုရာတွင် အတတ်ပညာ မဲ့မှုထက် ‘အသိပညာမဲ့မှု’ ကို ဆိုလိုခြင်း ဖြစ်ပါသည်။

အတန်းပညာမရှိလျှင် အသိပညာမရှိနိုင်ဟု မဆိုနိုင်သော်လည်း အတန်းပညာသည် အသိပညာ အတွက် များစွာ အထောက်အကူပြုသည်ဟုဆိုလျှင် ငြင်းဖွယ်ရာ မရှိပါ။ အတန်းပညာ မြင့်မား မှုသည် အသက်မွေးဝမ်းကျောင်းမှုအတွက် ပိုမိုအဓိကကျသကဲ့သို့ သင်ကြားရသည့် ဘာသာရပ် သည်လည်း အမှားအမှန်ကို ဆုံးဖြတ်နိုင်စွမ်းရှိမှု၊ အပြန်အလှန် နားလည်မှု၊ သည်းခံ နိုင်စွမ်းရှိမှု၊ ကိုယ်ချင်းစာတရား ရှိမှုတို့ကို လေ့ကျင့် သင်ကြားပေးပါသည်။

ကျွန်တော်တို့ ငယ်စဉ်က ပထဝီ၊ သမိုင်း၊ သိပ္ပံ နှင့် သင်္ချာ ပညာရပ်များကို သင်ကြားကြရသဖြင့် အတွေးအခေါ်၊ အတွက်အချက်နှင့် ဗဟုသုတတို့ ရရှိခဲ့သလို ပြည်သူ့နီတိနှင့်အခြေခံ ဗုဒ္ဓ ဘာသာ ယဉ်ကျေးမှု စသည်တို့ကို သင်ကြား ခဲ့ကြရသဖြင့်လည်း သူတစ်ပါး၏ ပစ္စည်းကို မတရားရယူလိုခြင်း၊ လိမ်လည်ပြောဆိုခြင်း၊ အရက်သေစာသောက်စားမူးယစ်ခြင်း၊ သူတစ်ပါး အသက်သတ်ခြင်းနှင့် သူတစ်ပါးသားမယားကိုပြစ်မှားခြင်းစသည့် မကောင်းမှုတို့ကို ဝေး စွာရှောင် ကြဉ်သည့် အလေ့အထကို ကိုယ်ကျင့်တရားအဖြစ် စောင့်ထိန်းခဲ့ကြသည့်အပြင် မိဘဆရာသမားတို့အပေါ် ရိုသေလေးစားခြင်း၊ သူတစ်ပါးအပေါ် စာနာစိတ်နှင့် ကိုယ်ချင်းစာ တရား ထားရှိခြင်းတို့ကိုလည်း ယဉ်ကျေးမှု တစ်ခုသဖွယ် လိုက်နာခဲ့ကြပါသည်။

"ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင်..."

ကျွန်တော်သည် ငယ်စဉ်မှစ၍ ယနေ့အထိ မိမိထက် အသက်ကြီးသူများ ရှေ့တွင် ခေါင်းငုံ့၍ သွားခဲ့သလို၊ အသက်ကြီးသူများ၏ အထက် မြင့်သောနေရာတွင်လည်း မထိုင်ခဲ့ပါ။ ဘတ်စ်ကား စီးရာတွင်လည်း ကိုယ်ဝန်ဆောင် များ၊ ကလေးအမေများနှင့် အသက်ကြီးသူများကို နေရာ ဖယ်ပေးခဲ့သည် တို့မှာ ငယ်စဉ်က သင်ကြားခဲ့ရသော ယဉ်ကျေးလိမ္မာ သင်ခန်းစာများကြောင့် ပင်ဖြစ်ပါသည်။ သို့သော်ကျွန်တော် ယနေ့ဘတ်စ်ကားများ စီးသွားရာတွင် လူငယ်များက နေရာ ဖယ်ပေးဖို့ ဝေးစွ၊ ကားပေါ်တွင် ထိုင်ခုံနေရာ လွတ်သွား၍ထိုင်ဖို့ ဟန်ပြင်လိုက်လျှင်ပင် နေရာလု ထိုင်ခြင်းကို ကြိမ်ဖန်များစွာ ကြုံတွေ့ရပါသည်။ ဘတ်စ်ကားပေါ် တက်ရာတွင်လည်း လူငယ် လူရွယ်များက အလုအယက် အရင်တက်ကြပြီးမှ အသက်ကြီးသူက နောက်မှတက်ရပါသည်။ ဤသို့သော စိတ်အခြေအနေမျိုးနှင့် ကျွန်တော်တို့၏ လူ့အသိုင်းအဝိုင်းကို ယဉ်ကျေး သိမ်မွေ့သော၊ ကိုယ်ချင်းစာတရား ထားရှိသော၊ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားသော ၊ ပြစ်မှု လျော့ပါးသော မြန်မာ့ လူ့ဘောင်အဖြစ် မည်သို့ တည်ဆောက်ကြပါမည်နည်း။

ကျွန်တော်တို့ ငယ်စဉ်က မူလတန်းမှစ၍ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ အခြေခံ ဗုဒ္ဓ ဘာသာ သင်ခန်းစာများကို သင်ကြားခဲ့ကြရပါသည်။ အခြေခံသင်ခန်းစာ ဆိုသည့်အတိုင်း ဗုဒ္ဓတရားတော်၏ အခြေခံ အကျဆုံးသော၊ လူတိုင်း လိုက်နာကျင့်သုံးနိုင်သည့် လူမှုရေးတရား များ ဖြစ်ပါသည်။ သူတစ်ပါးပစ္စည်းကို ခိုးယူခြင်း မပြုရန်၊ သူတစ်ပါးကို လိမ်လည်လှည့်ဖြားခြင်း မပြုရန်၊ မူးယစ်ထုံထိုင်း၊ အသိတရားလစ်ဟင်းစေသော အရက်သေစာ သောက်စားခြင်းမပြုရန် ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်းမှ ရှောင်ကြဉ်ရန်နှင့် သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ် ရန် စသော အချက်များသည် လူသားမှန်လျှင် မည်သည့်ဘာသာ၊ မည်သည့် လူမျိုးမဆို လိုက်နာကျင့်ကြံ နိုင်သော၊ လိုက်နာကျင့်ကြံအပ်သော ကိုယ်ကျင့်သိက္ခာဆိုင်ရာ အလေ့အကျင့် များပင် ဖြစ်ပါသည်။ မည်သည့် ဘာသာတရားမဆို ကောင်းသော အဆုံးအမများကိုသာ လူသားတို့ကို လိုက်နာ ကျင့်ကြံစေကြသည် ဖြစ်ပါသည်။ မကောင်းသော ဆိုဆုံးမမှု၊ တစ်နည်း အားဖြင့် လူ့ဘောင်လောက၊ လူသားတို့၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေမည့် ပြုလုပ်မှု မျိုးကိုမူ မည်သည့် ဘာသာတရားကမျှ သွန်သင်ညွှန်ကြား ပြသခဲ့မည် မဟုတ်ပါ။

ဆိုခဲ့ပါ ဘာသာတရား၏ အဆုံးအမများကို ကြိမ်ဖန်များစွာ ဆိုဆုံးမ၊သင်ကြားခံရခြင်း၊ မိမိ ကိုယ်တိုင်ကလည်း လိုက်နာ ကျင့်ကြံခြင်းဖြင့် လူသားချင်း ကိုယ်ချင်းစာနာသော၊ လူသား ချင်း နိုင်ထက်စီးနင်း မပြုလုပ်သော၊ လူသားချင်း ကြီးနိုင်ငယ်ညှဉ်း၊ လက်နက်အားကိုး မပြုသော၊ တစ်နည်းအားဖြင့် လောဘ၊ ဒေါသ သိပ်မကြီးသော လူကောင်းလူမွန်များ ဖြစ်လာ ကြမည် ဖြစ်ပြီး ကျွန်တော်တို့ မျှော်မှန်းသည့် ယဉ်ကျေးသိမ်မွေ့သော၊ ကိုယ်ချင်းစာတရား ထားရှိသော၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားသော၊ ပြစ်မှု လျော့ပါးသော မြန်မာ့ လူ့ဘောင်အဖြစ် ရောက်ရှိလာမည် ဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့၏ ပညာရေးစနစ်တွင် ယခုအခါ ပြည်သူ့နီတိနှင့် အခြေခံ ဗုဒ္ဓဘာသာ သင်ခန်းစာများ သင်ကြားပို့ချမှု အထူးပင် အားနည်းလျက် ရှိကြောင်းနှင့် အချို့ကျောင်းများ တွင် လုံးဝပင် သင်ကြားမှုမရှိကြောင်း ကြားသိရပါသည်။ ထို့ကြောင့် မြန်မာ့ တက္ကသိုလ်များကို ကမ္ဘာ့ တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်၍ နိုင်ငံတကာ အဆင့်မီအောင် ဆောင်ရွက်နေ ကြသော ပညာရှင်ကြီးများနှင့် ‘အမျိုးသားပညာရေး ဥပဒေကြမ်း’ ကို ဦးဆောင်ရေးဆွဲမည့် ‘ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်ရေးကော်မတီ’ တို့ကို ‘မြန်မာ့ ပညာရေးစနစ် အခြေခံ အုတ်မြစ် ခိုင်မာရေးနှင့် ပညာတတ် လူလိမ္မာများ ထွက်ပေါ်ရေးကိုလည်း လျစ်လျူရှုမထား ကြပါရန်’ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်။

အခြေခံပညာ ကျောင်းများတွင် ဗုဒ္ဓဘာသာတရားကို အခြေခံသော မြန်မာ့ ယဉ်ကျေးမှု အစဉ် အလာများ ပြန်လည် သင်ကြားပေးခြင်း အားဖြင့် ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူ ကို သနားပြီး မိဘ၊ ဆရာ သမား၏ ဆိုဆုံးမမှုကို ခံယူကာ၊ မကောင်းမှုဒုစရိုက် ၁၀ ပါးကို ရှောင် ရှား၍ ကောင်းမှုသုစရိုက် ၁၀ ပါး ကို လိုက်နာကျင့်ကြံနိုင်သော၊ နိုင်ငံ့သားကောင်းများပေါ်ထွက် လာမည် ဖြစ်ပါသည်။

အထက်တွင် အကြံပြု ရေးသား တင်ပြခဲ့သည်တို့ကို ပညာရေးဌာနမှ တာဝန်ရှိသူများနှင့် ပညာရေးကို စိတ်ပါဝင်စားသူများ အပိုင်းမှ ဆောင်ရွက်ပေးရန် လိုအပ်သကဲ့သို့ တစ်ဖက်တွင် တရားဥပဒေ စိုးမိုးရေးအပိုင်းမှ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လိုအပ်ချက်များကိုလည်း သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများက ဖြည့်ဆည်း ဆောင်ရွက်ပေးမှသာလျှင် တရား ဥပဒေ စိုးမိုးသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာပါမည်။ တရားဥပဒေ စိုးမိုးရေးကဏ္ဍဟု ဆိုရာတွင် မှုခင်းများ မဖြစ်ပွားရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ကြိုတင်ကာကွယ်ရေး၊ မှုခင်းဖြစ်ပွား ပါက ပြစ်မှု ကျူးလွန်သူကို အမြန်ဆုံး ရှာဖွေစုံစမ်း ဖော်ထုတ်၍ တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးနှင့် သက်ဆိုင်ရာ တရားရုံးများကလည်း ကျူးလွန်သော ပြစ်မှုကို ဥပဒေနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များ ချမှတ်ရေး စသည်တို့ ဖြစ်ပါသည်။

ယနေ့ ပြည်သူများ ခံစားကြုံတွေ့ နေကြရသည်များမှာ အနိုင်အထက် ပြုခံရသည်ဖြစ်စေ၊ ဥပဒေမဲ့ ကျူးလွန်ခြင်း ခံရသည်ဖြစ်စေ၊ သွားရောက် တိုင်ကြားပါက ထိုသို့ တိုင်ကြားသူကိုပင် တရားခံ တစ်ဦးသဖွယ် ပြုမူဆက်ဆံခံရခြင်း၊ မိမိတိုင်ကြားသောအမှုကို အားကြိုးမာန်တက် စုံစမ်းဖော်ထုတ်ရေး အတွက် လမ်းစရိတ်မှအစ ပံ့ပိုးကူညီပေးရခြင်း စသည်တို့ကို ကြားသိနေ ရသော်လည်း အမှုမှန် ပေါ်ပေါက်ခြင်း၊ တရားခံကို ဖမ်းမိခြင်းစသော သတင်းမျိုးကား ကြားရခဲ ပါသည်။ မြောက်ဥက္ကလာပရှိ စားသောက်ဆိုင် တစ်ဆိုင်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုလိုက်ကျူး လွန်သော လူသတ်မှု၊ ကားဖြင့်ဒရွတ်တိုက် ဆွဲခံရပြီး သေဆုံးခဲ့ရသော ရုပ်ရှင်ဒါရိုက်တာ တစ်ဦး၏အမှု အပါအဝင် ပြည်မြို့ နဝဒေးတံတားအောက်မှ လူသတ်မှု စသည်တို့မှာ ပြည်သူ အများ စိတ်ဝင်စားသော အမှုများ ဖြစ်ကြသော်လည်း ကြန့်ကြာနေဆဲပင် ဖြစ်ပါသည်။ ထူးခြား ချက် တစ်ခုမှာ ပြစ်မှု ကျူးလွန်ခံရသူသည် သြဇာ၊ အာဏာရှိသူ တစ်ဦးဦးဖြစ်လျှင် ဖြစ်စေ၊ ထိုသို့ အာဏာရှိသူ တစ်ဦးဦးနှင့် ပတ်သက်လျှင်ဖြစ်စေ ကျူးလွန်သူကို နာရီပိုင်း သို့မဟုတ် ရက်ပိုင်းအတွင်း ဖမ်းဆီးရမိ တတ်သည်မှာလည်း စွမ်းဆောင်ရည် တစ်ခုပင် ဖြစ်ပါသည်။

ဤသို့ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီး မရမိသောဖြစ်စဉ် များလာခြင်းသည် နောက်ထပ်ပြစ်မှု ကျူးလွန်လိုသူတို့အတွက် အားတက်ဖွယ်ရာပင်ဖြစ်ပါသည်၊၊ စည်းကမ်းမဲ့စွာ ပရမ်း ပတာ  မောင်းနှင်မှုများကြောင့် လူသေဆုံးသော ယာဉ်တိုက်မှုများတွင် ထွက်ပြေးသော ယာဉ်မောင်းကို ဖမ်းဆီးရမိသော သတင်းမျိုးကား သတင်းလောကတွင် ရှားပါးသတင်းအဖြစ် ရပ်တည်ဆဲ ပင်ဖြစ်ပါသည်။ ရဲတပ်ဖွဲ့သည် တရားခံကို ဖမ်းဆီးရမိပါကလည်း တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရန် အတွက် အမှုကို ခိုင်မာအောင် တည်ဆောက်ရပါသည်။ လိုအပ်သော သက်သေ အထောက်အထားများကို ရှာဖွေရခြင်း၊ ဥပဒေ အကြံဉာဏ် တောင်းခံရခြင်းများ သည်လည်း အမှုတစ်ခုကို တရားစွဲဆို တင်ပို့နိုင်ရန်အတွက် ကြန့်ကြာရသည့် အကြောင်း ရင်းများတွင် အပါအဝင် ဖြစ်ပါသည်။

တရားဥပဒေ စိုးမိုးရေးအတွက် အဓိကကျသော အဖွဲ့အစည်းတစ်ခုဟုဆိုရမည့် တရားရုံးများနှင့် တရားသူကြီးများကို ပြည်သူများက အယုံအကြည် ကင်းမဲ့နေသည်မှာ ကြာပြီ ဖြစ်ပါသည်။ တရားစီရင်ရေး ကဏ္ဍနှင့် ပတ်သက်၍ သတင်းမီဒီယာများတွင် လည်းကောင်း၊ လွှတ်တော် အစည်းအဝေးများတွင် လည်းကောင်း အတော်များများရေးသားပြောဆို ဆွေးနွေးခဲ့ကြပြီးဖြစ် ၍ ကျွန်တော့်အနေနှင့် ထပ်မံဆွေးနွေး တင်ပြခြင်း မပြုလိုတော့ပါ။

ကျွန်တော်တစ်ခု အကြံပြုလိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ‘ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ’ သည် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တရားရုံး တစ်ရုံး နှစ်ရုံး၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တရားရုံး တစ်ရုံးနှစ်စ်ရုံးကို သွားရောက်၍ အပေါ်ယံ စစ်ဆေးရုံမျှဖြင့် တရားဥပဒေ စိုးမိုးသော နိုင်ငံတစ်ခုအဖြစ် ရောက်ရှိလာမည် မဟုတ်ဘဲ ထိရောက်သော စစ်ဆေးမှုများ ပြု လုပ်ခြင်း၊ ပြုပြင်ရန် လိုအပ်သည့် အချက်များကို အလေးအနက် တိုက်တွန်း၍ ပြုပြင်စေခြင်း၊ တိုင်ကြားမှုများအရ ပေါ်လွင် ထင်ရှားသော အဂတိ လိုက်စားမှုများကို စစ်ဆေး အရေးယူစေခြင်း စသည့် အချက်များကို ဆက်လက် ဆောင်ရွက် ပေးစေလိုပါသည်။

အချုပ်ဆိုရသော် တရားဥပဒေ စိုးမိုးရေးဟူသော ခေါင်းစဉ် အောက်တွင် အကျုံးဝင်သမျှသော လုပ်ဆောင်ရန် ရှိသည်များ အားလုံးကို လုပ်ဆောင်သင့်သော(တာဝန်ရှိ)အဖွဲ့အစည်းအားလုံး က စုစည်း ညီညွတ်စွာဖြင့် ပူးပေါင်းပါဝင် လုပ်ဆောင်ကြမှသာလျှင် တရားဥပဒေ စိုးမိုး၍ တည်ငြိမ် အေးချမ်းသော နိုင်ငံတော်သစ်တွင် ပြည်သူများ၏ဘဝ မကြောင့်မကြ၊ အပူအပင် ကင်းစွာဖြင့် လုံခြုံစိတ်ချရမည် ဖြစ်ပါသည်။

The Voice

0 comments:

Post a Comment