16.6.13

နှစ်ဖက်တပ်များချထားရေး အပါအ၀င် လာမည့်ဆွေးနွေးပွဲများအတွက် အစိုးရနှင့် ကေအင်န်ယူတို့ ရန်ကုန် မြို့၌ ဆွေးနွေး

KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးအား ဇွန် ၁၅ ရက် ဆွေးနွေးပွဲအပြီး MPC ၌ တွေ့ရစဉ် (ဓာတ်ပုံ-ထက်ရှိုင်း)

လာမည့် ဆွေးနွေးပွဲများအတွက် ရည်ရွယ်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ကရင် အမျိုးသားအစည်းအရုံးတို့ ဇွန် ၁၅ ရက်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ Myanmar Peace Center တွင်တွေ့ဆုံပြီး အကြိုဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တပ်မတော်ခေါင်းဆောင်များ၊ ကေအင်န်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုးနှင့် ကာကွယ်ရေးဌာန တာဝန်ခံ ဖဒိုစောရောဂျာခင်တို့ ပါဝင်တက်ရောက် ခဲ့ကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက "မတွေ့တာ လည်း ကြာပြီ။ နောက် ပြီး သူတို့နဲ့ Code of Conduct ဆွေးနွေးဖို့ ရှိတယ်။ အဲဒီအဖွဲ့နဲ့ရောပြီးလာကြတာပါ။ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး လည်းပါတယ်။ တကယ်ဆွေးနွေးမှာက အောက်ခြေကလူတွေပဲ ဆွေးနွေးကြတာ ပါ။ ခေါင်းဆောင်ပိုင်းက လူတွေက မတွေ့တာ ကြာပြီ။ အဲဒါကြောင့် နှစ်ဖက်ပြောချင်တာလေးတွေ ပြောဖို့ ခဏတွေ့ကြတာပါ" ဟု ပြောကြားသည်။

ဆွေးနွေးပွဲတွင် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့မှ ခေါင်းဆောင်များနှင့် Myanmar Peace Center မှ တာဝန်ရှိသူများ တွေ့ဆုံပြီး နှစ်ဖက်လိုက်နာရမည့် Code of Conduct ကို ဆွေးနွေးခဲ့ကြောင်း သိရ သည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်တပ်ပိုင်းဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြပြီး တပ်နေရာ ချထားရေးနှင့် ပတ်သက်သည့် အကြောင်းအရာများလည်း ပါဝင်ကြောင်း သိရသည်။ "နှစ်ဦးနှစ်ဖက် လိုက်နာရမယ့် ကျင့်ဝတ်စည်းကမ်းများအား ပီပီပြင်ပြင် အကောင်အထည်ဖော်ပြီး တစ်ဦးနဲ့တစ်ဦး ယုံကြည်မှု အခိုင်အမာ ရှိမှသာလျှင် တပ်နေရာ ချထားရေးများအား လုပ်ဆောင်နိုင်မယ် ဖြစ်တယ်" ဟု KNU အဖွဲ့ခေါင်းဆောင် ဖဒိုမန်းညိမ်းမောင်က ဇန်န၀ါရီလ အတွင်းက ပြောကြားထားသည်။

"အိပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးသွားရင် စစ်မြေပြင် လိုက်နာရမယ့် စည်းကမ်းများဆိုတာ လုပ်ရတယ်။ အဲဒါမှလည်း ဟိုဘက်ဒီဘက် ဘာတွေထိန်းရမယ်ဆိုတာ သိရမယ်။ ကေအင်န်ယူဘက်ကရော တပ်ဘက်ကရော ပြည်သူလူထုရော လိုက်နာရမယ့် စည်းကမ်းလေးတွေချပြီး ရေးကြတာပေါ့။ အဲဒါတွေ ညှိနှိုင်းပြီး လက်တွေ့မြေပြင်မှာ တိုက်ပွဲတွေ ထပ်မဖြစ်အောင် ပိုခိုင်မာအောင် လုပ်တာပေါ့။ တကယ့် အစည်းအဝေးကြီး မဟုတ်ပါဘူး။ အလွတ်သဘောပါပဲ။ အောက်ခြေအဆင့်မှာ ဘာတွေလုပ်ရမယ် ဆို တာ ပြောထားမှ တကယ်ဆွေးနွေးတဲ့အခါ အဆင်ပြေမှာလာမယ့် ဆွေးနွေးပွဲတွေအတွက် ရည်ရွယ် တာပေါ့" ဟု ပြောကြားသည်။ အစိုးရနှင့် ကေအင်န်ယူတို့သည် Code of Conduct နှင့် ပတ်သက်ပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ အတွင်းကလည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

EMG

0 comments:

Post a Comment