12.6.13

SNLD နှင့် RCSS တို့ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမည်


ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့ ရှမ်းတိုင်းရင်းသားများအတွက် ပူးပေါင်း ဆောင်ရွက်ရန် ရန်ကုန်မြို့တော်တွင် ဇွန်လ ၁၂ ရက်နေ့ ၌ ဆွေးနွေးမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က The Voice သို့ ပြောကြားသည်။
၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်ပရောက် ရှမ်း တိုင်းရင်းသားများ မှတ်ပုံတင် ရရှိရန်နှင့် ပြည်တော်ပြန်ဝင်နိုင်ရန်၊ ရှမ်းတိုင်းရင်းသား လက်ကျန်နိုင်ငံရေး အကျဉ်းသားများကို အမြန်ဆုံး လွှတ်ပေးရန်၊ အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲကို အမြန်ဆုံး လုပ်ဆောင်ရန်ဆိုသော အချက်သုံးချက်ကို ပူးပေါင်း လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြ သည်။
 RCSS/SSA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သော အဖွဲ့သည် ဇွန်လ ၁၀ ရက်နေ့ တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ပူးပေါင်းလုပ်ဆောင်ရန် လာရောက်ညှိနှိုင်းခြင်းဖြစ်သည်။
 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီးရွက်ဆစ်တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး ခဲ့ရာတွင် တိုက်ပွဲဖြစ်ပွားနေသော RCSS/SSA ထိန်းချုပ် ဧရိယာအတွင်း ပဋိပက္ခစောင့် ကြည့်ရေးကော်မတီ ဖွဲ့စည်းရန် သဘောတူညီခဲ့သည်။

The Voice Weekly

0 comments:

Post a Comment