25.8.13

ဒရူးဘယ်ရီမိုး ဓာတ်ပုံစာအုပ်ထုတ်မည်

ဟောလိဝုဒ်ရဲ့ နာမည်ကျော် အမျိုးသမီးသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဒရူးဘယ်ရီမိုးဟာ သူမရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံစာအုပ်တစ်အုပ် ထုတ်ဝေဖို့ စီစဉ်နေပြီ ဖြစ်ကြောင်း contact music.com မှာ ဖော်ပြထားပါတယ်။

ဒရူးဘယ်ရီမိုးဟာ ဓာတ်ပုံဆရာမတစ်ယောက် မဟုတ်ပေမယ့် ဝါသနာအလျှောက် ဓာတ်ပုံများ ရိုက်ကူးလေ့ရှိပြီး အထူးသဖြင့် အသည်းပုံ အရာဝတ္ထုတွေကို ရိုက်ကူးရတာ

ကြိုက်နှစ်သက်သူဖြစ်တာ ကြောင့် ၁၀ နှစ်တာအတွင်း သူမရိုက်ကူးခဲ့တဲ့ အသည်းပုံ အရာဝတ္ထုပုံပေါင်း ၉၆ ပုံကို စုစည်းပြီး ဓာတ်ပုံစာအုပ်အဖြစ် ထုတ်ဝေဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဓာတ်ပုံစာအုပ်ကို Find It In Everything လို့ အမည်ပေးထားပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလထဲမှာ ထုတ်ဝေသွားမယ်လို့လည်း ဒရူးဘယ်ရီမိုးက ကြေညာထားပါတယ်။

“ကျွန်မ အသည်းပုံလေးတွေကို ဘယ်အချိန်တွေ့တွေ့ သဘောကျပါတယ်။ သူတို့ရဲ့ ပုံစံက သိပ်ကို ဆန်းကျယ်ပြီး အချစ်ရဲ့ အဓိပ္ပာယ်ကိုလည်း ဖော်ပြနိုင်ပါတယ်။ ကျွန်မကတော့ အသည်းပုံဆိုရင် လူလုပ်ထားတဲ့ဟာဖြစ်ဖြစ်၊ သဘာဝအတိုင်း ဖြစ်နေတဲ့ဟာပဲဖြစ်ဖြစ် သဘောကျတာပါပဲ” လို့ ဒရူးဘယ်ရီမိုးက ပြောပါတယ်။

“ဘယ်အချိန်ပဲဖြစ်ဖြစ် အသည်းပုံ အရာဝတ္ထုတစ်ခုကိုတွေ့ရင် ကျွန်မပြုံးမိသွားတာပါပဲ” လို့လည်း ဒရူးဘယ်ရီမိုးက ပြောကြားခဲ့ပါသေးတယ်။

ဒရူးဘယ်ရီမိုးဟာ နယူးယောက်မြို့ရှိ International Center of Photography မှာ ဓာတ်ပုံပြပွဲတစ်ခု ကျင်းပခဲ့ဖူးပြီး ၂၀၁၂ ခုနှစ်ထဲတုန်းကလည်း V မဂ္ဂဇင်းအတွက် ရှယ်လ်လင်းဝုဒလေ၊ ဗစ်တိုးရီးယားဂျက်စတစ်နဲ့ အစ္စဘယ်လာဖာမန်တို့ကို ဓာတ်ပုံရိုက်ပေးခဲ့ ဖူးပါတယ်။

The Voice Weekly

0 comments:

Post a Comment