25.8.13

လှောင်လက် ထုတ်ရောင်း၍ မူဆယ်သို့ တစ်ရက် ဆန်အိတ် နှစ်သောင်းခန့် ဝင်ရောက်

လှောင်လက် ထုတ်ရောင်း၍ မူဆယ်နယ်စပ်သို့ တစ်ရက်လျှင် ဆန်
အိတ်ရေ နှစ်သောင်းခန့် ဝင်ရောက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (မူဆယ်) ဒုတိယဥက္ကဋ္ဌ ဦးချမ်းသာဦးက
ပြောကြားသည်။



ပြီးခဲ့သည့် ဇွန်လအတွင်းက နွေဆန် ၅မှတ် (ရှယ်) များကို တစ်အိတ်လျှင် ကျပ် ၁၇,၃၀၀ ကျပ်ခန့်ဖြင့် လှောင်ခဲ့ကြသော ပြည်တွင်းဆန် လှောင်လက် များသည် လက်ရှိ ပြည်တွင်းဆန် ပေါက်ဈေးတွင် တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁,၀၀၀ ခန့်အထိ အမြတ်အစွန်း ရလာခြင်းကြောင့် လှောင်ထားသည့် ဆန်များကို ထုတ်ရောင်းလျက် ရှိကြောင်း ၎င်းကဆိုသည်။

“လှောင်လက်ကြီးတွေက များများရောင်းချင်လို့ မူဆယ်ကို ပို့ကြတယ်။
လောလောဆယ်မှာ တရုတ်ကဝယ်လိုအားရှိပေမယ့် ဗီယက်နမ်ဆန်တွေ
ပြန်ဝင်လာလို့ ဈေးတိုးမပေးတော့ဘူး။ ဒါပေမဲ့ ဒီဈေးက ပြည်တွင်းပေါက်ဈေး
နဲ့ဆိုရင် လုပ်သာကိုင်သာရှိတယ်” ဟု ဦးချမ်းသာဦးက ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်ခန့်က မူဆယ်နယ်စပ် ဆန်ဈေးကွက်သို့ တစ်ရက် ပျမ်းမျှ ဆန်အိတ်ရေ ၁၆၀၀ ခန့်သာ ဝင်ရောက်မှု ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ယင်းကဲ့သို့ ဆန်ဝင်ရောက်မှု မြင့်တက်လာခြင်း
ဖြစ်ကြောင်း မူဆယ်နယ်စပ် အခြေစိုက် ဆန်ကုန်သည်များထံမှ သိရသည်။

“အရန်ဆန် ထုတ်ရောင်းလို့ နယ်စပ် အဝင်များလာတာ မဟုတ်ဘူး။ တရုတ်က အဝါစေ့တွေ အဝါပေါက်တွေပါတဲ့ဆန်တွေ မဝယ်ဘူး။ ဒီနှစ် မန္တလေးမှာ အရန်ဆန် ရောင်းတဲ့စနစ်က ပွင့်လင်းမြင်သာမှုရှိတယ်။ လက်လီတွေကို အဓိကထား ရောင်းပေးတာ။ ရောင်းပေးတာကလည်း ၁၀ အိတ်ကနေ အိတ် ၁၀၀ အထိပဲ ရောင်းပေးတယ်။ အရင်ကဆို ဘယ်သူရလို့ ရသွားမှန်းတောင် မသိလိုက်ရဘူး” ဟု မန္တလေးမြို့တော် ဒေသခံ
ဆန်ကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် မူဆယ်နယ်စပ်မှ တရုတ်
ဆန်ဈေးကွက်သို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ရောင်းချရန် လျာထားလျက်ရှိပြီး ဘဏ္ဍာနှစ်အစ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လကုန်အထိ ဆန်တန်ချိန် ၉၈,၀၀၀ ခန့် တင်ပို့ပြီး ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် (မူဆယ်) မှ သိရသည်။

လတ်တလောတွင် မူဆယ် ဆန်ဈေးကွက်၌ နွေဇီယာ ၅ မှတ်ဆန် (ထိပ်စ) တစ်အိတ်လျှင် တရုတ်ငွေ ၁၄၄ ယွမ်၊ နွေ ၂၅ မှတ်ဆန် တစ်အိတ်လျှင် တရုတ်ငွေ ၁၂၅ ယွမ်၊ ကျိုက်လတ်ဒေသထွက် ၅ မှတ် ဆန် တစ်အိတ်လျှင် ၁၄၁ ယွမ် ဈေးပေါက်လျက်ရှိပြီး ရန်ကုန်မြို့တော် ဝါးတန်း ကုန်စည်ဒိုင်တွင်
နွေ ၅ မှတ် ( ရှယ်) တစ်အိတ်လျှင် ကျပ် ၁၈,၃၀၀ ခန့်နှင့် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၅,၈၀၀ ခန့် ဈေးပေါက်လျက်ရှိကြောင်း သက်ဆိုင်ရာဒေသ ဆိုင်ဈေးကွက်အတွင်းမှ သိရသည်။

The Voice Weekly

0 comments:

Post a Comment