25.8.13

ဘိုရှီလိုင်း တရားစီရင်မှု ပွင့်လင်းမြင်သာမှုရှိဟု တရုတ်အစိုးရပိုင်သတင်းစာ ချီးကျူး

တရုတ်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရို အဖွဲ့ဝင်ဟောင်း ဘိုရှီလိုင်း၏ အမှုကို ပွင့်လင်းမြင်သာမှုရှိစွာ တရားစီရင်နေပြီး ယင်းကဲ့သို့သော ဖြစ်ရပ်မျိုး တရုတ် တရားစီရင်မှု သမိုင်းတွင် ယခင်က ကြုံတွေ့ခဲ့ရခြင်း မရှိဟု တရုတ်အစိုးရပိုင် သတင်းစာတွင် ချီးကျူးသွားကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။


ဘိုရှီလိုင်းကို အကျင့်ပျက် လာဘ်စားမှု၊ အလွဲသုံးစားပြုမှု၊ အာဏာအလွဲသုံးမှု စသည့် ပြစ်မှုသုံးခုဖြင့် တရားစွဲဆိုထားပြီး ယင်းအမှုနှင့် ပတ်သက်၍ တရုတ်ကွန်မြူနစ် အသိုင်းအဝိုင်းကြား လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

တရားစီရင်မှုနှင့် ပတ်သက်သည့် ထွက်ဆိုချက်များကို တရားရုံးက အွန်လိုင်းလူမှုရေး ဝက်ဘ်ဆိုက် Sina Weibo ပေါ်တွင် ပုံမှန်လွှင့်တင် ပေးနေသော်လည်း အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ခြင်း မဟုတ်ဘဲ အချိန်ဆိုင်းပြီးမှ လွှင့်တင်ပေးခြင်း ဖြစ်သည်။

သို့သော်လည်း အသံတိုက်ရိုက် ထုတ်လွှင့်မှုနှင့် ဗီဒီယိုထုတ်လွှင့်မှုများ ပြုလုပ်ခြင်း မရှိသလို နိုင်ငံခြား သတင်းထောက်များနှင့် စုံစမ်းလေ့လာသူများကိုလည်း တရားရုံးတွင်းသို့ ဝင်ခွင့်မပေးချေ။
ကိုယ်ပိုင်ဂျက်လေယာဉ် ခရီးစဉ် အသုံးပြုမှု၊ အပန်းဖြေဂေဟာများ အသုံးပြုမှု၊ ရှားပါးသော တိရစ္ဆာန်သား စားသုံးမှု စသည့်ဖြစ်ရပ်များ တရားစီရင်ရာမှတစ်ဆင့် ထွက်ပေါ်လာခြင်းကြောင့် တရုတ်လူထု အံ့သြတုန်လှုပ်နေကြသည်။

လက်ရှိတရားစီရင်မှု ကဲ့သို့သော ပွင့်လင်းမြင်သာမှုရှိသည့် တရားစီရင်မှုမျိုး ယခင်က ကြုံတွေ့ခဲ့ရခြင်း မရှိကြောင်း တရုတ်ကွန်မြူနစ်ပါတီနှင့် အနီးကပ် ဆက်သွယ်ရေးရှိသည့် Global Times သတင်းစာတွင် ဖော်ပြထားသည်။

တရားရုံးက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးမှုများ ပြုလုပ်ပေး ခဲ့ခြင်းကြောင့် ဘိုရှီလိုင်း တရားစီရင်မှု၌ တရားမျှတမှုကို အာမခံနိုင်ခဲ့ကြောင်း အဆိုပါ သတင်းစာတွင် ဖော်ပြထားသည်။

ဘိုရှီလိုင်း တရားစီရင်မှုတွင် ထွက်ဆိုခဲ့သည်များမှာ တရုတ်ပြည်သူ အများစုကို အံ့သြထိတ်လန့် စေခဲ့သော်လည်း တရုတ်ကွန်မြူနစ် ထိပ်တန်း ခေါင်းဆောင်များနှင့် ဘိုရှီလိုင်းအကြား ဆက်သွယ်မှုကို ထွက်ဆိုမှု မရှိကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

တရားခွင်အတွင်း ဘိုက ပြင်းပြင်းထန်ထန် ခုခံကာကွယ် ပြောဆိုမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူလည်း ပါဝင်သည့် တရားလို သက်သေများကို ရူးသွပ်နေသူများဟု စွပ်စွဲခဲ့သည်။

အကျင့်ပျက် လာဘ်စားမှုနှင့် အလွဲသုံးစား ပြုမှုများကို ဘိုကငြင်းဆိုထားပြီး တတိယမြောက် စွဲချက်ဖြစ်သော အာဏာအလွဲသုံးပြုမှုကို ဆက်လက်စစ်ဆေးရမည် ဖြစ်သည်။

နိုင်ငံရေးနှင့် ပတ်သက်သော ယခင်တရားစွဲဆိုမှုများတွင် တရားခံများမှာ အပြစ်ရှိကြောင်း အလျန်အမြန် ထွက်ဆိုပေးရလေ့ရှိပြီး တရားရုံး စစ်ဆေးမှုများမှာလည်း လူမသိသူမသိသာ ဖြစ်လေ့ရှိ ခြင်းကြောင့် ဘိုရှီလိုင်းအမှုမှာ အခြားသော နိုင်ငံရေး တရားစီရင်မှုများနှင့် ခြားနားနေသည်။

ထို့အပြင် အစိုးရအရာရှိများ ပွင့်လင်းမြင်သာမှုရှိရန် တရုတ်နိုင်ငံသားများက တောင်းဆိုနေပြီး တရားမမျှတမှုများနှင့် ပတ်သက်၍ မကြာခဏ တိုင်တန်းမှုများ ပြုလုပ်နေကြကြောင်း Global Times သတင်းစာတွင် ဖော်ပြထားသည်။

ဘိုရှီလိုင်း တရားစီရင်မှုသည် ပွင့်လင်းမြင်သာမှုရှိပြီး မျှတမှု ရှိခြင်းကြောင့် ပြည်သူများအကြား တရုတ်တရားစီရင်ရေး စနစ်အပေါ် ယုံကြည်မှုများ ပြန်လည် တိုးပွားလာမည် ဖြစ်ကြောင်း ယင်းသတင်းစာတွင် ဖော်ပြထားသည်။

The Voice Weekly

0 comments:

Post a Comment