29.8.13

သီလ၀ါ အထူးစီးပွားရေးဇုန်၏ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုစစ်တမ်း (EIA) မူကြမ်း ယနေ့ ( သြဂုတ် ၃၀ ရက် ) ထုတ်ပြန်မည်

သီလ၀ါ အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုစစ်တမ်း (EIA) မူကြမ်းကို သြဂုတ် ၃၀ ရက် (ယနေ့) တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း Resource & Environment Myanmar မှ သိရသည်။


''သီလ၀ါ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုစစ်တမ်း (EIA) မူကြမ်းကို မနက်ဖြန်မှာ ထုတ်ပြန်ပါမယ်။ ဒီမူကြမ်းကို ဂျပန်ဘက်က လုပ်ငန်းရှင်တွေနဲ့ မြန်မာဘက်က လုပ်ငန်းရှင်တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ Consolium အဖွဲ့ကို တင်ရမှာပါ'' ဟုလည်း Resource & Environment Myanmar မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်သည့် သဘာဝ ပတ်ဝန်းကျင် သက်ရောက်မှု စစ်တမ်းကို ဂျပန်နိုင်ငံ၊ Nippon Koei ကုမ္ပဏီနှင့် မြန်မာနိုင်ငံမွှResource & Environment Myanmar-REM တို့ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စစ်တမ်းကောက်ယူ တွေ့ရှိချက်များနှင့် ပတ်သက်ပြီး ဒေသခံများသို့ ထုတ်ဖော် ရှင်းလင်းပွဲကိုလည်း သြဂုတ် ၂၃ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

''အဘတို့ကို ဒီနေ့အစည်းအဝေး ရှိတယ်ပြောလို့ လာတက်တာပါ။ သူတို့ ပြောသွားတဲ့ အင်္ဂလိပ်လို စကားလုံးတွေ ကိုတော့ ကျွန်တော် နားမလည်ပါဘူး။ ဗမာလို ပြောသွားတာတွေပဲ နားလည်ပါတယ်။ သူတို့ ပြောသွားတာက ပတ်ဝန်းကျင် မထိခိုက်ပါဘူးတဲ့။ ညစ်ညမ်းမှု မရှိပါဘူးဆိုလို့ ကျွန်တော်တို့ ၀မ်းသာပါတယ်။ ကျွန်တော်တို့က တစ်နေ့မှ ငွေလေး ၃၀၀၀ လောက်ရတဲ့ လက်လုပ် လက်စားတွေပါ'' ဟု မြင်းလမ်းကျေးရွာမှ ဦးဉာဏ်သိန်းက ပြောကြားသည်။

သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းအား အပိုင်း (က)၊ အပိုင်း (ခ) ဟူ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အပိုင်း (က) Class A ၌ မော်တော်ကားစက်ရုံ၊ အီလက်ထရွန်နစ် စက်ရုံများ ပါဝင်ပြီး အပိုင်း (ခ) Class B ၌ အထည်ချုပ် စက်ရုံနှင့် စားသောက်ကုန် စက်ရုံများ ပါဝင်မည် ဖြစ်ကြောင်း၊ စတင် အကောင်အထည်ဖော်မည့် အပိုင်း (က) ၌ အထူးစီးပွားရေး ဇုန်အတွင်း ၅၉၃၀ ဧက လျာထားကြောင်း သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း၊ အပိုင်း (က) နှင့် ပတ်သက်သည့် EIA,SIA စစ်တမ်း၏ ပထမအဆင့် EIA, အစီရင်ခံစာ မူကြမ်းကို လာမည့် စက်တင်ဘာ လကုန်တွင် အသေးစိတ် ထုတ်ပြန်မည် ဖြစ်သည်။

Eleven Media Group

သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း(က) ဧရိယာကို တွေ့ရစဉ်

0 comments:

Post a Comment