29.8.13

ထိုင်းနယ်စပ် ဂိတ်လေးခုမှ ကမ္ဘာလှည့် ခရီးသည် ၀င်ခွင့်ပြုပြီးနောက် မြ၀တီနယ်စပ်၌ ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ်မည်

မြန်မာ-ထိုင်း နယ်စပ်ရှိ ဂိတ်လေးခုမှတစ်ဆင့် ကမ္ဘာလှည့် ခရီးသည်များ ၀င်ထွက်သွားလာ လည်ပတ်ခွင့်ကို သြဂုတ် ၂၈ ရက်မှ စတင်ခွင့်ပြုခဲ့ပြီးနောက် မြ၀တီမြို့တွင် ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ်ရန် အစီအစဉ် ရှိကြောင်း ဟိုတယ် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။


''ဧည့်လမ်းညွှန် သင်တန်းများ ဖွင့်လှစ်ဖို့ ရှိပါတယ်။ သင်တန်းကာလက ရှစ်ပတ်မှ ၁၀ ပတ်ထိ ကြာမြင့်မှာဖြစ်ပြီး သင်တန်းတက်ချင်တဲ့လူ ရှိဖို့သာ လိုပါတယ်။ မိုးကုတ်မှာ လုပ်နေပြီ။ ကယားမှာလည်း ဖွင့်လှစ်ဖို့ ရှိပါတယ်။ အဓိကတော့ တက္ကသိုလ်ဝင်တန်းအောင်ကို ခေါ်ချင်တယ်။ နယ်စပ်ဖြစ်လို့ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူ ရရှိဖို့  ခက်ခဲတယ်ဆိုရင် အင်္ဂလိပ်နဲ့ ထိုင်းဘာသာစကား တစ်ခုခု ကျွမ်းကျင်ရင် လက်ခံလို့ ရပါတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က သြဂုတ် ၂၈ ရက်က ပြောကြားသည်။

နိုင်ငံခြားသားများ ၀င်ရောက် လည်ပတ်မှုအတွက် ဧည့်လမ်းညွှန် ခေါ်ဆောင်ရာတွင် မြန်မာနိုင်ငံနှင့် အာဆီယံ နိုင်ငံများတွင်ပါ နိုင်ငံခြားသား ဧည့်လမ်းညွှန် ခေါ်ခွင့်ကို ဥပဒေအရ ခွင့်ပြုထားခြင်း မရှိကြောင်း၊ ကိုယ့်နိုင်ငံမှ ဧည့်လမ်းညွှန်ကသာလျှင် ရှင်းပြခွင့်၊ လိုက်ပြခွင့် ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းမှာ ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ပါက ၂၀ ဆ တစ်ဆမျှသာရှိပြီး ယခုနှစ်တွင် ခရီးသွား လုပ်ငန်းမှ ခရီးသည် နှစ်သန်းအထိ ၀င်ရောက်လာရန် မျှော်မှန်းကြောင်း သိရသည်။

''မြ၀တီ ၀င်ထွက်ပေါက်ကနေ စတင်ပြီး ၀င်ထွက်တဲ့ နေရာမှာ ကရင်ပြည်နယ် အစိုးရ လမ်းညွှန်ချက်နဲ့  အဆင်ပြေပြေ သွားလာနိုင်အောင် စီစဉ်ဆောင်ရွက်ထားပြီး နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေး၊ လုံခြုံရေးနဲ့ အကူအညီ ပေးနိုင်ရေးတို့ကို ဆောင်ရွက်ထားပြီး ပြည်သူလူထုကလည်း မိမိတို့ ပြည်နယ်ဂုဏ် အတွက်ကို ထိန်းသိမ်း စောင့်ရှောက်ပေးဖို့ လိုအပ်ပါတယ်။ ဟိုတယ်၊ တည်းခိုခန်းများ ကိုလည်း အဆင့်မြှင့်တင်သွားဖို့ လိုအပ်ပါတယ်'' ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်က ပြောကြားသည်။

Eleven Media Group

မြ၀တီဝင်ပေါက်မှ ၀င်ရောက်လာသော ကမ္ဘာလှည့် ခရီးသည်တစ်ဦးကို ရဲတပ်ဖွဲ့မှ စစ်ဆေးနေစဉ်

0 comments:

Post a Comment