29.8.13

ရန်ကုန်လေဆိပ်နှင့် စက်မှုဆိပ်ကမ်းတို့တွင် အကောက်ခွန်မဲ့ တင်သွင်းလာသည့် ဆေးဝါးများ အပါအ၀င် တရားမ၀င် တင်သွင်းလာသော ပစ္စည်းများ ဖမ်းဆီးရမိ

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မြန်မာ့စက်မှု ဆိပ်ကမ်းတို့တွင် ပြည်ပမှ တရားမ၀င် တင်သွင်းလာသော ပစ္စည်းများကို သြဂုတ်လ အတွင်းက ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သတင်းရရှိသည်။


ဖမ်းဆီးရမိသည့် ပစ္စည်းများတွင် တရားမ၀င် တင်သွင်းလာသည့် PVC ပိုက်များနှင့် Plastic Packing Material များ၊ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ဆေးဝါးများ၊ လျှပ်စစ် ပစ္စည်းများ၊ မိုဘိုင်းဖုန်း ဟန်းဆက်များ၊ ဗီဒီယို ကင်မရာများ၊ မျက်မှန်ကိုင်းနှင့် မျက်ကပ်မှန်များ ပါဝင်ကြောင်း သိရသည်။

သြဂုတ် ၁ ရက်မှ ၁၆ ရက်အထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပမှ တရားမ၀င် တင်သွင်းလာသော အကောက်ခွန်မဲ့ ပစ္စည်းများကို ဖမ်းဆီးခဲ့ရာ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ဆေးဝါး၊ လျှပ်စစ် ပစ္စည်းမျိုးစုံ၊ မိုဘိုင်းဟန်းဆက်နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၁၅၉ သိန်းကျော် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ သြဂုတ် ၁၇ ရက်ကလည်း အဆိုပါ လေဆိပ်၌ပင် ခန့်မှန်းတန်ဖိုး ကျပ်သုံးသိန်းကျော် တန်ဖိုးရှိ Electronic Marking Board များ ဖမ်းဆီးရမိပြီး သြဂုတ် ၁၈ ရက်တွင်လည်း မိုဘိုင်းဟန်းဆက်များ၊ သြဂုတ် ၁၉ ရက်တွင် ဗီဒီယို ကင်မရာများနှင့် လျှပ်စစ်ပစ္စည်းများ၊ သြဂုတ် ၂၃ မှ ၂၅ ရက်အထိ ဟန်းဆက်များ၊ မျက်မှန်ကိုင်းနှင့် မျက်ကပ်မှန်များကို ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးရမိခဲ့သည့် ပစ္စည်းများ၏ တန်ဖိုးမှာ စုစုပေါင်း ကျပ် ၃၉၂ သိန်းခန့် ရှိကြောင်း သိရသည်။

မြန်မာ့စက်မှု ဆိပ်ကမ်း(MIP)တွင်လည်း သြဂုတ် ၂၃ ရက်က ကုန်သေတ္တာ တစ်လုံးအား အကောက်ခွန် အထူးစစ်ဆေးရေး အဖွဲ့က ဖွင့်ဖောက်စစ်ဆေးခဲ့ရာ သွင်းကုန် ကြေညာလွှာတွင် ဖော်ပြထားခြင်း မရှိဘဲ တရားမ၀င် တင်သွင်းလာသည့် PVC ပိုက်များနှင့် Plastic Packing Material များကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အကောက်ခွန် ဦးစီးဌာန အနေဖြင့် အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား ရန်ကုန်လေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဂိတ် အသီးသီးတို့တွင် စစ်ဆေးရှာဖွေ ဖမ်းဆီးခဲ့ရာ ဧပြီ ၁ ရက်မှ ဇူလိုင်လအထိ ဖမ်းဆီးရမိမှုများ အနေဖြင့် ရန်ကုန်လေဆိပ်၊ ရေဆိပ်များမှ စုစုပေါင်း အမှုတွဲ ၁၂၆ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၇၄၂၅ ဒသမ ၆ သိန်းခန့်ရှိပြီး နယ်စပ်ဝင်ပေါက်များမှ စုစုပေါင်း အမှုတွဲ ၆၁ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၃၆၈၁ ဒသမ ၅ သိန်းခန့် ရှိကြောင်း သိရသည်။

Eleven Media Group

မြန်မာ့စက်မှု ဆိပ်ကမ်းတွင် ဖမ်းဆီးရမိသည့် ပိုက်များကို တွေ့ရစဉ် (ဓာတ်ပုံ-Customs Facebook)

0 comments:

Post a Comment