3.11.13

"ပေါက်တောအကြမ်းဖက်မှု နှစ်ဦးသေသုံးဦး ဒဏ်ရာပြင်းထန်"

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ မနေ့က ဂုံးကောက်သူ ရခိုင် အမျိုးသမီးတချို့ကို မွတ်စလင် အမျိုးသား သုံးဦးက ဓားတွေနဲ့ ၀င်ခုတ်ခဲ့လို့ ဆင်အိုင်ကျေးရွာသူ အမျိုးသမီး တစ်ဦး သေဆုံးပြီး၊ တစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြောကြားပါတယ်။


မနေ့က ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော်မတီ ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက RFA ကို အခုလိုပြောပါတယ်။

ဘာကြောင့် အခုလို အမျိုးသမီးတွေကို ဓါးနဲ့ခုတ်မှုဖြစ်ပွားခဲ့သလဲဆိုတာတော့ မသိရသေးပါဘူး။ တချိန်တည်းမှာပဲ မနေ့က ပေါက်တောမြို့နယ် ဆင်တမော်ကျေးရွာနားက မွတ်စလင် ဒုက္ခသည်စခန်းတစ်ခုမှာ လူပျောက်လို့ လိုက်လံရှာဖွေရာမှာ အလောင်းတစ်လောင်းတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ရဲတပ်ဖွဲ့က စစ်ဆေးနေစဉ်မှာ လာရောက်ကြည့်ရှုသူတွေ များပြားလာလို့် ရဲတွေက တားမြစ်တာ မရပဲ သေနတ်နဲ့ ပစ်ခတ်တာကြောင့် မွတ်စလင် အမျိုးသား ၃ ဦး သေနတ်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။ အဲဒီထဲက တစ်ဦးဟာ စစ်တွေဆေးရုံမှာ သေဆုံးသွားခဲ့ပါတယ်။

အဲဒီအဖြစ်အပျက် ၂ ခုမှာ ဆင်အိုင်ကျေးရွာက ဒဏ်ရာရရှိသူ ရခိုင်အမျိုးသမီးကို စစ်တွေဆေးရုံကို ပို့ဆောင်ရာမှာ ရွာခံတွေရဲ့ အကူအညီနဲ့ စစ်တွေ ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဆင်တမော်ရွာနားက မွတ်စလင် အမျိုးသား ၃ ဦးကို နိုင်ငံတကာ NGO တွေက လုပ်ငန်းသုံး လျှပ်ပြေးအမြန်ယာဉ်နဲ့ စစ်တွေ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီကိစ္စကို မကျေနပ်တဲ့ စစ်တွေမြို့ခံ ၃၀၀ ကျော်လောက်က နိုင်ငံတကာ NGO တွေရဲ့ အကူအညီတွေဟာ ဘက်လိုက်မှုရှိတွေရှိနေတဲ့အတွက် အလိုမရှိကြောင်း စစ်တွေဆေးရုံကြီးဝင်းထဲမှာ ဒီကနေ့ နေ့လည်ပိုင်းကဆန္ဒပြခဲ့ကြပါတယ်။

တချိန်ထဲမှာပဲ မနေ့က ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနဲ့ ကူညီစောင့်ရှောက်ရေး ရဟန်းတော်များအဖွဲ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ဆီကို ဒီကနေ့ စာရေးသားတောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

RFA

0 comments:

Post a Comment