3.11.13

ခရီးသည်တင်ယာဉ် ဘရိတ်ပေါက်ပြီး ယာဉ်ခုနစ်စီး ဆင့်တိုက်


ခရီးသည်တင်ယာဉ်တစ်စီး မောင်းနေစဉ်အတွင်း ဘရိတ်ပေါက်ကာ အရှိန်လွန်၍ ယာဉ်ခုနစ်စီးကို ဆင့်တိုက်ခဲ့ပြီး ပြစ်မှုကျူးလွန်သောယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သတင်းရရှိသည်။


နိုဝင်ဘာ ၁ ရက် နံနက် ၈ နာရီခန့်က ရန်ကုန်-အင်းစိန်လမ်းမကြီးပေါ်ရှိ ခ၀ဲခြံမှတ်တိုင်နှင့် ကုလားကျောင်းမှတ်တိုင်ကြား ကျောက်ပြားစက် လမ်းထိပ်တွင် ရွှေအင်းဝ (၁၈၈) ခရီးသည်တင်ယာဉ်တစ်စီး မောင်းနှင်လာစဉ် အရှိန်လွန်ကာ ရှေ့၌ ရပ်တန့်ထားသော ကင်တာအမျိုးအစား အဖြူရောင် (အုတ်၊ သဲ၊ ကျောက်) တင်သည့် ယာဉ်ကို တိုက်မိပြီး ဆက်လက်၍ ၎င်း (အုတ်၊ သဲ၊ကျောက်) ရောင်းဝယ်ရေး ကားပေါ်သို့ တက်ရန်ပြင်နေသည့် လူတစ်ဦးအား ထပ်မံပွတ်တိုက်မိပြီးနောက် စုစုပေါင်း ယာဉ်ခုနစ်စီးကို ဆင့်တိုက်မှုဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ယာဉ်ခုနစ်စီးပျက်စီးသွားပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိ၍ အင်းစိန်ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

““ယာဉ်တိုက်မှုဖြစ်ပွားပြီး အခင်းဖြစ်ပွားတဲ့ နေရာကို သွားရောက်စစ်ဆေးတဲ့အခါမှာ အဲဒီ ခရီးသည်တင်ယာဉ်မောင်းက ထွက်ပြေးသွားပါပြီ။ သူမောင်းတဲ့ ယာဉ်လိုင်းကနေတစ်ဆင့် ဘယ်သူဘယ်ဝါဆိုတာနဲ့ လိပ်စာတွေလည်း အတိအကျသိရပါပြီ။ ဒါပေမဲ့ တရားခံက အခုထိ ရှောင်တိမ်းနေပြီး ဖမ်းဆီးရမိမှု မရှိသေးပါဘူး”” ဟု မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုးနိုင်က ပြောသည်။
ယာဉ်မောင်းနှင်နေစဉ် ရုတ်တရက် စက်ချို့ယွင်း၍ ဘရိတ်ပေါက်ကာ ယာဉ်ရပ်တန့်၍မရတော့ဘဲ အခြားယာဉ်များကို ဆင့်၍ တိုက်မိခဲ့ခြင်းဖြစ်ပြီး ယာဉ်ခုနစ်စီးအား စုပေါင်းတိုက်မိသည့်အရှိန်ကြောင့်သာ ယာဉ်ရပ်တန့်သွားခြင်းဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါယာဉ်ကို စစ်ဆေးချက်အဖြေအရ သိရသည်။

““အခုဖြစ်ပွားရတဲ့ ယာဉ်တိုက်မှုမှာ ယာဉ်မောင်းက အရှိန်လွန်မောင်းတယ်ဆိုပေမယ့် အဓိကယာဉ်ချို့ယွင်းမှုကြောင့်ပါ။ ဒီလိုမျိုး မဖြစ်သင့်တာမဖြစ်အောင် ယာဉ်ပိုင်ရှင်တွေရော၊ ယာဉ်မောင်းတွေပါ မိမိယာဉ်ရဲ့ ကြံ့ခိုင်မှုကို အမြဲမပြတ်စစ်ဆေးနေသင့်တယ်။ ယာဉ်ပိုင်ရှင်တွေအနေနဲ့လည်း ကြံ့ခိုင်မှုအားနည်းနေတဲ့ ယာဉ်တွေကို လိုင်းတွေမှာ ပြေးဆွဲခွင့် မပြုသင့်ပါဘူး။ မထသအနေနဲ့လည်း ခရီးသည်တင်ယာဉ်တွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေသလို တိုးလုပ်သွားဖို့လည်း ရှိပါတယ်”” ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။

ယာဉ်တိုက်မှုဖြစ်ပွားစေသည့် ယာဉ်မောင်းကို မရမ်းကုန်းမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ ရုံးမှ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသောယာဉ်မောင်းကို ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်။

7Day Daily

0 comments:

Post a Comment