27.11.13

ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိယ ဝိရှ်ဝါဗာရတီးရတက္ကသိုလ် ဂုဏ်ထူးဆောင်ဆု ချီးမြှင့်မည်

အိန္ဒိယနိုင်ငံ၏ စာပေနိုဘယ်လ် ဆုရှင် ရာဘင်ဒြာနတ်တဂိုး တည်ထောင်ခဲ့သည့် ဝိရှ်ဝါဗာရတီးရ တက္ကသိုလ်က ချီးမြှင့်သည့် အမြင့်မားဆုံး ဂုဏ်ထူးဆောင်ဆုကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား
ချီးမြှင့်သွားမည် ဖြစ်ကြောင်း ယင်းတက္ကသိုလ်၏ သတင်းပြန်ကြားရေး ကော်မတီက နိုဝင်ဘာလ ၂၆ ရက်နေ့တွင် သတင်း ထုတ်ပြန်လိုက်သည်။

ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယင်းတက္ကသိုလ်၏ နှစ်ပတ်လည် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပမည့် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ပူးတွဲကျင်းပမည် ဖြစ်ပြီး အိန္ဒိယနိုင်ငံ သမ္မတ ပရနာဗ်မူကာရ်ဂျီး ကိုယ်တိုင် တက်ရောက် ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် ဂုဏ်ပြုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အိန္ဒိယ အာကာသ သုတေသန အဖွဲ့အစည်းဥက္ကဋ္ဌ Krishnaswamy Kasturirangan၊ ဘူတန်နိုင်ငံ ဘုရင်ဟောင်း Jigme Singye Wangchuk နှင့် တရုတ်နိုင်ငံမှ သုတေသီ Tang Chung တို့ကို ပေးအပ်သွားမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုဘယ်လ်စာပေဆုရှင် ရာဘင်ဒြာနတ်တဂိုးက ၁၉၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့သော ဝိရှ်ဝါဗာရတီးရ တက္ကသိုလ်သည် အိန္ဒိယ ဗဟိုအစိုးရက အဓိကထောက်ပံ့နေသော တက္ကသိုလ် တစ်ခုဖြစ်သည်။
ယင်းတက္ကသိုလ်သည် စီးပွားရေး ပညာရှင်၊ နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာရှင်များ၊ သမိုင်းပညာရှင်များနှင့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များကို မွေးထုတ်ပေးခဲ့သည့် အိန္ဒိယနိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်တစ်ခု ဖြစ်သည်။

ဝိရှ်ဝါဗာရတီးရ တက္ကသိုလ်က ချီးမြှင့်သည့် ဂုဏ်ထူးဆောင်ဆုကို အမေရိကန် သမ္မတဟောင်း Roosevelt ၏ ဇနီး Eleanor Roosevelt နှင့် မာသာထရီဆာ တို့လည်း ရရှိထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်းခဲ့မှုကို ဂုဏ်ပြုသည့် အနေနှင့် ဂျဝါဟလားလ်နေရူး ဂုဏ်ထူးဆောင်ဆုကို အိန္ဒိယ အစိုးရက ၁၉၉၁ ခုနှစ်တွင် ချီးမြှင့်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် တည်ရှိသော Jesus and Mary သီလရှင်ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး Lady Shri Ram ကောလိပ်မှ နိုင်ငံရေးသိပ္ပံ ပညာရပ်ဖြင့် ၁၉၆၄ ခုနှစ်တွင် ဘွဲ့ရခဲ့သည်။

The Voice Weekly

0 comments:

Post a Comment