27.11.13

ဆီးဂိမ်းကာလ မန္တလေးမှ နေပြည်တော်သို့ အထူးယာဉ် ၄၈ စီး ပြေးဆွဲမည်


ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း မန္တလေးမှ နေပြည်တော်သို့ သွားရောက်အားပေးမည့်သူများအတွက် အထူးယာဉ် ၄၈စီး နေ့စဉ်ပြေးဆွဲပေးသွာဟု ယာဉ်လုပ်ငန်းကြီးကြပ်ရေးလုပ်ငန်းကော်မတီမှ ဌာနမှူး ဦးတင်မောင်သန်းက မဇ္ဈိမကိုပြောသည်။


"နေပြည်တော်ကို သွားရောက်ကြည့်ရှုမယ့်သူတွေ စိတ်ချမ်းသာဖို့ရယ် မလိုလားအပ်တဲ့ပြဿနာတွေ မဖြစ်အောင်လို့ ဈေးနှုန်းကို တစ်ပြေးညီသတ်မှတ် ဆောင်ရွက်သွားမှာပါ"ဟု ဦးတင်မောင်သန်းက ဆိုသည်။

ထိုသို့ မန္တလေးမှ နေပြည်တော်သို့ ပြေးဆွဲပေးမည့် မှန်လုံ အထူးကားများကို ဒီဇင်ဘာလ ၁၀ရက်မှစတင်ကာ ပြေးဆွဲပေးမည်ဖြစ်ပြီး ပြေးဆွဲသည့်အခါ ယာဉ်စီးခများ ပိုမိုကောက်ခံမှုမရှိရန်လည်း ကြီးကြပ်ရေးအဖွဲ့များဖွဲ့၍ စောင့်ကြည့်သွားမည်ဟု ၎င်းက ဆိုသည်။

"အဝေးပြေး ယာဉ်လိုင်းကြီးကြပ်ရေး လုပ်ငန်းကော်မတီနဲ့ မြို့တွင်း ယ.က.က (ယာဉ်လိုင်းကြီးကြပ်ရေးကော်မတီ) တို့ပူးပေါင်းပြီး စောင့်ကြည့်သွားမှာပါ။ အဓိက လက်မှတ်ရောင်းတဲ့ နေရာနဲ့ ကားစထွက်တဲ့ ဂိတ်တွေကနေ ဈေးနှုန်းတိကျအောင် စောင့်ကြည့် သွားမှာပါ။"ဟု ဌာနမှူး ဦးတင်မောင်သန်းက ပြောသည်။

ဈေးနှုန်းများတစ်ပြေးညီ သတ်မှတ်နိုင်ရန် ညှိနှိုင်းမှုများ ပြုလုပ်နေပြီး ဒီဇင်ဘာလ ၆ရက်တွင် တရားဝင်ဈေးနှုန်းများ သတ်မှတ်ပေးမည်ဖြစ်ပြီး ထိုဈေးနှုန်းများကို ထင်သာမြင်သာရှိမည့် နေရာများတွင် ကပ်ထားပေးမည်ဖြစ်သည်။ ကားလက်မှတ်များကို ချမ်းမြရွှေပြည် ကားကြီးကွင်းတွင် ရောင်းချပေးမည်ဟုလည်း သိရသည်။

မန္တလေးမြို့အတွင်း ဆီးဂိမ်းပြိုင်ပွဲ ကြည့်ရှုမည့် ပရိတ်သတ်များအတွက်လည်း မြို့တွင်းပြေးဆွဲနေသော မြို့တွင်းယာဉ်လိုင်း ၄၃ လိုင်းမှ ကားများဖြင့် စီစဉ်ပေးမည်ဖြစ်သည်။ ထိုပြေးဆွဲနေသောကားများအားလည်း ယာဉ်အန္တရာယ်ကင်းရှင်းစေရန်နှင့် ယာဉ်တိုက်မှုများမဖြစ်ပေါ်စေရန် အထူးကြီးကြပ်သွားမည်ဟု သိရသည်။

၂၇ကြိမ်မြောက် အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ရက်မှ ၂၂ရက်အထိ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် ငွေဆောင်တွင် ကျင်းပမည်ဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၁ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment