28.11.13

ကက်သလစ်ကျောင်းတော် အာဏာခွဲဝေပေးရန် ပုပ်ရဟန်း မင်းကြီး တောင်းဆို

ကက်သလစ် ဘုရားကျောင်းတော်၏ အာဏာကို ဗာတီကန်မှ ခွဲဝေပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီး၏ အာဏာအပြောင်းအလဲ ပြုရေးနှင့် ဆိုင်သည့် အကြံပြုချက်များကို လက်ခံသွားမည် ဖြစ်ကြောင်း ပုပ်ဖရန်စစ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ကမ္ဘာလုံး အတိုင်းအတာ စီးပွားရေး မညီမျှမှုများ ဖြစ်ပေါ်နေခြင်းကြောင့် ပဋိပက္ခများအဖြစ် ပေါက်ကွဲ ပေါ်ပေါက် လာနိုင်ကြောင်း ၎င်းက သတိပေးလိုက်သည်။



ပုပ်ရဟန်း မင်းကြီးအဖြစ် မတ်လအတွင်း စတင်တာဝန်ယူခဲ့သည့် အချိန်မှစ၍ ပုပ်ဖရန်စစ်သည် ယခင် ရဟန်းမင်းကြီးများနှင့် မတူသည့် ရပ်တည်ချက်များကို ထုတ်ဖော် ကိုင်စွဲခဲ့သည်။
“ပိတ်လှောင် ခံထားရပြီး လုံခြုံရေးအရ ပူပန်နေရတဲ့ ဘုရားကျောင်း တစ်ခုအစား လမ်းမတွေအပေါ်မှာ ရှိနေပြီး ထိခိုက်ဒဏ်ရာတွေ၊ နာကျင်မှုတွေ၊ ပေရေမှုတွေ ရှိနေတဲ့ ဘုရားကျောင်း တစ်ခုကို အလိုရှိပါတယ်” ဟု ပုပ်ရဟန်းမင်းကြီး၏ တိုက်တွန်းလွှာတွင် ဖော်ပြထားသည်။

ဗာတီကန်မှာ ကိုယ်ကျိုးကြည့်သည့် အဖွဲ့ဖြစ်လာပြီး အားလုံးပါဝင်နိုင်ရန် လုပ်ဆောင်ရန် လိုအပ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သတင်းစာ အင်တာဗျူး တစ်ခုတွင် ပြောကြားလိုက်ပြီး ဗာတီကန်၏ ဗျူရိုကရေစီစနစ် ပြုပြင်ပြောင်းလဲရန် ပြီးခဲ့သည့်လအတွင်း ထိပ်တန်း ဘုန်းတော် ကြီးများနှင့် ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဗဟိုချုပ်ကိုင်မှု အလွန်အကျွံ ထားရှိခြင်းဖြင့် အကူအညီ ပေးနိုင်မည့်အစား ခရစ်ယာန် ကျောင်းတော်၏ ဘဝနှင့် သာသနာပြု လုပ်ငန်းများ ရောက်ရှိနိုင်မှုကို ရှုပ်ထွေးစေကြောင်း ပုပ်ဖရန်စစ်က ပြော ကြားသည်။
“ကမ္ဘာကြီးနဲ့ ခရစ်ယာန် ကျောင်းတော်အပေါ် သက်ရောက်နေတဲ့ မေးခွန်း မှန်သမျှကို ပုပ်ရဟန်းမင်းကြီးက အတိအကျနဲ့ အပြည့်အစုံ ဖြေကြားပေးနိုင်မယ်လို့ မယုံကြည်ပါဘူး” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ခေတ်သစ် မိသားစုဘဝနှင့် လိင်ပိုင်းဆိုင်ရာ ကျင့်ဝတ်များအပေါ် ကက်သလစ် ဘာသာဝင်များ၏ အမြင်ကို ဗာတီကန်က ယခုလအတွင်း စစ်တမ်း ကောက်ယူခဲ့သည်။

ကိုယ်ဝန်ဖျက်ချခြင်း၊ အမျိုးသမီး ရဟန်းများ ခန့်အပ်ခြင်းများကို ကက်သလစ် ကျောင်းတော်က ဆန့်ကျင်ကြောင်း ထပ်မံအတည်ပြု ပြောကြားခဲ့သော်လည်း မုဒိမ်းမှု၊ အလွန်အမင်း ဆင်းရဲမွဲတေမှု အခြေအနေများနှင့် ပတ်သက်ပြီး အနည်းငယ်သာ ထည့်သွင်း စဉ်းစားရသေးကြောင်း ပုပ်ရဟန်းမင်းကြီး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကက်သလစ် ကျောင်းတော်၏ သာသနာပြု ဇွဲစိတ်ဓာတ်ကို ပြန်လည် အားသစ်လောင်းနိုင်ရန် ယခုကဲ့သို့သော ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း BBC သတင်းတွင် သုံးသပ်ထားသည်။

The Voice Weekly

0 comments:

Post a Comment