28.11.13

မန္တလေးနန်းတော်ထိန်းသိမ်းရန် မင်းတုန်းနှင့် သီပေါဘုရင်အနွယ်တော်များ အစိုးရထံ ခွင့်ပြုချက်တောင်းမည်

မြန်မာနိုင်ငံ၏ နောက်ဆုံးမင်းဆက်နန်းစိုက်ခဲ့ရာ မန္တလေးနန်းတော်ကြီး ကို ပြန်လည်ပြုပြင်ရန် မင်းတုန်းမင်းနှင့် သီပေါမင်းအနွယ်တော်များက အစိုးရထံ ခွင့်ပြုမိန့်တောင်းခံသွားမည်ဟု သတင်းရရှိသည်။

မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် မန္တလေးနန်းတော်မှာ
ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပျက်စီးယိုယွင်းနေသည့်အတွက် မင်းတုန်းမင်းနှင့် သီပေါမင်းတို့၏ အနွယ်တော်များက လာမည့်နှစ်တွင် ခွင့်ပြုမိန့်တောင်းခံ၍ ပြုပြင်သွားမည်ဟု သီပေါမင်း၏ တီတော်ဖြစ်သူ ဦးကျော်သီဟက ပြောသည်။



ပြုပြင်ရာတွင် ယိုယွင်းပျက်စီးနေသည့် မင်းတုန်းမင်းနှင့် မိဖုရားကြီးလေးပါး၏ နန်းပြာဿဒ်ဆောင်များကို ဦးစွာပြုပြင်ထိန်းသိမ်း၍ ကျန်ရှိနေသေးသည့် ကျုံး နှင့် နန်းတော်ရာများ စသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကဆိုသည်။

““ဆွေတော်မျိုးတော်တွေက ကမကထလုပ်ပြီး ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့လုပ်မှာ ခွင့်ပြုမိန့်ရပြီးရင် ပြုပြင်မှုတွေ ချက်ချင်းစလုပ်မယ်။

ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အရမ်းပျက်စီးနေပြီ”” ဟု ဦးကျော်သီဟက ပြောသည်။

ခွင့်ပြုမိန့်ရရှိပါက ဆွေမျိုးတော်များ၊ မန္တလေးမြို့ ရပ်မိရပ်ဖများ၊ အနုပညာရှင်များပါဝင်သည့် ကော်မတီတစ်ရပ်ဖွဲ့၍ ရန်ပုံငွေရှာပြီး
ပြုပြင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကာ ထိန်းသိမ်းမှုများကိုလည်း
ကော်မတီကပင် ဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် မင်းတုန်းမင်းကြီးလက်ထက်တွင် တည်ဆောက်ခဲ့သည့် မန္တလေးတောင်ခြေရှိ သုဓမ္မာဇရပ်ဆောင်များကို ၂၀၁၁ ခုနှစ် ဇူလိုင်လမှ ၂၀၁၂ ခုနှစ် မတ်လအထိ နိုင်ငံဘဏ္ဍာငွေဖြင့် သုဓမ္မာဇရပ်ခြောက်ဆောင်၊ အများပြည်သူ လှူဒါန်းငွေဖြင့် ဇရပ် ၁၃ ဆောင်အား ငွေကျပ် ၇၀၈ ဒသမ ၈ သိန်း အကုန်အကျခံ၍ ပြုပြင်မွမ်းမံခဲ့ကြောင်း သတင်းရရှိသည်။

7Day Daily

0 comments:

Post a Comment