4.11.13

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ်ပစ္စည်းများအား ကုန်သွယ်မှု ပြုလုပ်နေသည့် ဂျပန်အခြေစိုက် World Navi ကုမ္ပဏီက မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်

ဘဏ်များနှင့် ချိတ်ဆက်ကာ ကားနှင့်ဆက်စပ် ပစ္စည်းများအား တင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် ဂျပန်နိုင်ငံ
အခြေစိုက် World Navi ကုမ္ပဏီမှ မြန်မာနိုင်ငံ၏ ကားဈေးကွက်တွင် ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက် ဖွင့်လှစ်ခွင့်ကို World Navi Co., Ltd (Myanmar Brach) အမည်ဖြင့် လျှောက်ထားခဲ့ရာ အောက်တိုဘာ ၂၉ ရက်တွင် ရုံးခန်းဖွင့်လှစ်ခွင့် ပြန်လည်ချထား ပေးခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

World Navi Co.,Ltd ကို ဂျပန်နိုင်ငံ၌ ၂၀၀၁ ခုနှစ်တွင် စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး ကားတင်ပို့ ရောင်းချသည့် ဈေးကွက်ကို ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး အဆိုပါ ကုမ္ပဏီမှတစ်ဆင့် နိုင်ငံတကာမှ ကားမှာယူသည့် အရေအတွက်မှာလည်း နှစ်စဉ်တိုးတက်လျက်ရှိကြောင်း သိရသည်။

လက်ငင်းငွေချေ စနစ်အပြင် အရစ်ကျ ငွေချေစနစ်ဖြင့်လည်း လုပ်ကိုင်လျက်ရှိရာ ဂျပန်နိုင်ငံရှိ Bank of Tokyo-Mitsubishi UFJ Ltd၊ Mizuho Bank Ltd၊ Sumitomo Mitsubishi Banking Corporation နှင့် Resona Bank Limited တို့ဖြင့် ချိတ်ဆက်၍ ကားနှင့်ကားအပို ပစ္စည်းများ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခြင်းနှင့် ကားအပိုပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများအား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လာရောက်လုပ်ကိုင်ရန် နိုင်ငံခြား ကုမ္ပဏီအချို့ကို ခွင့်ပြုပေးခဲ့ပြီး အင်္ဂလန်၊ ဂျာမနီ၊ တရုတ်၊ တောင်ကိုရီးယားနှင့် မလေးရှားစသည့် ပြည်ပနိုင်ငံများရှိ ကားထုတ်လုပ် ဖြန့်ဖြူးရောင်းချလျက်ရှိသည့် ကားကုမ္ပဏီ များမှလည်း မြန်မာနိုင်ငံတွင် ကားဝန်ဆောင်မှု စင်တာနှင့် အရောင်းပြခန်းများကို လာရောက်ဖွင့်လှစ် ထားမှုများ ရှိနေပြီဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ဂျပန်အခြေစိုက် ကုမ္ပဏီ တစ်ခုဖြစ်သည့် Mazda Motor ကော်ပိုရေးရှင်းမှ မြန်မာနိုင်ငံတွင် ကားအရောင်းပြခန်းကို မကြာမီ လာရောက်ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment