23.12.13

ဂျာနယ်လစ်များနှင့် သတင်းလွတ်လပ်ခွင့်အတွက် သတိပေးခေါင်းလောင်းသံ၊ မျှော့ကြိုးသဖွယ် ဖြစ်နေသော ဥပဒေများက ဂျာနယ်လစ်များအား ထောင်ဒဏ်ချမှတ် အရေးယူနိုင်သည်အထိ သက်ရောက်မှု ရှိနေဆဲ

သတင်းထောက်မခိုင် (ပုံသေး) နှင့် ၎င်းနေထိုင်ခဲ့သည့် အဆောင်ခန်းအား တွေ့ရစဉ်
 
၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် Eleven Media Group ၏ နယ်သတင်းထောက် မခိုင်အား လွိုင်ကော်မြို့ မြို့နယ်တရားရုံးက ပြစ်မှုဆိုင်ရာပုဒ်မ ၄၅၁၊ ပြစ်မှုဆိုင်ရာပုဒ်မ ၅၀၀၊ ပြစ်မှုဆိုင်ရာပုဒ်မ ၂၉၄ (ခ) တို့ဖြင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

သတင်းထောက် မခိုင်သည် သတင်းရယူနေစဉ် ကာလအတွင်း အိမ်ကျော်နင်းမှု၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု အစရှိသည်တို့ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ယင်းကဲ့သို့ ပြစ်ဒဏ်ကျခံခဲ့ရသည်။
ထိုကဲ့သို့ ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သမ္မတဦးသိန်းစိန်လက်ထက် သတင်းထောက်တစ်ဦးအား ပထမဆုံး ထောင်ချလိုက်ခြင်း ဖြစ်သည်။ မခိုင်၏ အမှုဖြစ်စဉ်တွင် ဆုံးဖြတ်ချက်ချခဲ့သော တရားသူကြီးသည် ၎င်းအားအပ်နှင်းထားသည့် အာဏာကို ကျော်လွန်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း မဟုတ်သော်လည်း သတင်းရယူခဲ့သည့် သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုခဲ့ခြင်းကို လက်ခံစဉ်းစားခဲ့ခြင်း၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှုကဲ့သို့ အစဉ်အလာအားဖြင့် ငွေဒဏ်သာ ချမှတ်လေ့ရှိသည့် ပုဒ်မများဖြင့် ထောင်ဒဏ်ချလိုက်ခြင်းမှာ ဂျာနယ်လစ်များနှင့် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အပေါ် သတိပေး ခေါင်းလောင်းသံများ ထွက်ပေါ်စေခဲ့သည်။
အမှုဖြစ်စဉ် အကျဉ်း   
သတင်းထောက် မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ပြီး ထိုသို့သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ဇနီး၊ ယောက်ဖတို့နှင့်အတူ သွားခဲ့သည်။
သတင်းထောက် မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော်မြို့ နယ် တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။
ယင်းငွေဒဏ် ချမှတ်ခံရသည့် အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများ၌ ဦးသော်တာသိန်း ဆိုသူ၏ မူပိုင်မြန်မာဇာတ်ကား ၁၃ ကား ပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်း က တရားလိုအဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။
ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခနှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်းက ယင်းကိစ္စကို ညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ သွားရောက်ခြင်းဖြစ်ပြီး ယင်းကိစ္စကို သတင်းရယူရန် သတင်းထောက် မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။
အမှုစစ်ဆေးစဉ် ကာလတစ်လျှောက် စစ်ဆေးမှု ဖြစ်စဉ်များကို ပြည်နယ်တရားလွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဟု ဦးမြမင်းဟန်က ငြင်းဆိုသော်လည်း အမှုစစ်ဆေးသည့် နေ့ရက်တိုင်း ပြည်နယ်တရားလွှတ်တော်သို့ အစီရင်ခံရကြောင်း . . . . .
ထိုသို့ လိုက်ပါသွားရာတွင်  ဦးသန်းဇော်ဝင်းနှင့် မခိုင်တို့ကို အိမ်ရှင်ဖြစ်သူက တံခါးဖွင့်ပေးခဲ့ပြီး ဦးသန်းဇော်ဝင်းက ရှေ့နေဒေါ်အေးအေးဖြိုးကို ရှေ့နေခ မပေးနိုင်သေးခြင်းအား တောင်းပန်ခဲ့သည်။ ထိုသို့တောင်းပန်ခဲ့ပြီးနောက်ပိုင်း ရှေ့နေဒေါ်အေးအေးဖြိုးက မခိုင်အား မေးမြန်းခွင့် ပြုခဲ့သည်။ မေးမြန်းခြင်းမပြုမီ အချိန်မှာပင် ၎င်းသည် သတင်းထောက်တစ်ဦးဖြစ်ကြောင်း ကြိုတင်ပြောဆိုခဲ့ကြောင်း သိရသည်။ မေးမြန်းရာတွင် “ရှေ့နေခ ဘယ်လောက်ပေးသလဲ” ဟု မေးမြန်းချိန်၌ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးပြီး ၎င်း၏ဖခင် ဦးအောင်ရှိန်ကိုခေါ်၍ နေအိမ်အတွင်းမှ မောင်းထုတ်ခဲ့သဖြင့် ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
ဒေါ်အေးအေးဖြိုး၏ ဖခင်ဖြစ်သူ ဦးအောင်ရှိန်သည် NLD ပါတီ၏ ခရိုင်ဥက္ကဋ္ဌဖြစ်ပြီး ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်သည့်အပြင် မှုခင်းသတင်းထောက် တာဝန်ကို ထမ်းဆောင်နေသူဖြစ်သည်။ ဒေါ်အေးအေးဖြိုး၏ ခင်ပွန်းမှာ စစ်ဘက်ဆိုင်ရာလုံခြုံရေးအဖွဲ့ (စရဖ) မှ ဗိုလ်ကြီးချမ်းမြေ့အောင်ဖြစ်ပြီး အမှုစစ်ဆေးစဉ်က တရားခွင်သို့ မကြာခဏ လာရောက်ခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၇ ရက်က ဖြစ်ပွားခဲ့သော ထိုကိစ္စရပ်နှင့် စပ်ဆက်ပြီး အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးက ဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ပြီး ထိုသို့ဆင့်ခေါ်ရ ခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့နောက် ယင်းအမှုကို ပုဒ်မ ၄၅၁၊ ပုဒ်မ ၅၀၀၊ ပုဒ်မ ၂၄၉ (ခ) တို့ဖြင့် လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က စစ်ဆေးခဲ့ပြီး အချိန်တစ်လခွဲအတွင်း သတင်းထောက် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ကို ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။
တရားသူကြီး၏ ပြောကြားချက်    
မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့သည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး Eleven Media Group ၏ သတင်းအဖွဲ့သည် လွိုင်ကော်မြို့သို့ သွားရောက်စုံစမ်းခဲ့ရာ ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန် တစ်ဦးတည်းကသာ တရားဝင်ဖြေကြားမှု ပြုလုပ်ခဲ့ပြီး တရားခံရှေ့နေ အပါအ၀င် အခြားသူများမှာ တရားဝင်ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။  
ထိုအခြေအနေက နယ်မြို့များတွင် အုပ်ချုပ်ရေးပိုင်းနှင့် တရားစီရင်ရေးပိုင်းမှ ပုဂ္ဂိုလ်များကို မြို့ခံများက ကြောက်လန့်လေ့ရှိခြင်းကို ပြဆိုလျက်ရှိသည်။
ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်ကို Eleven Media Group က သီးသန့်တွေ့ဆုံခဲ့ပြီး မေးမြန်းခဲ့သော မေးခွန်းများကို ရဲရဲဝံ့ဝံ့ပင် ဖြေကြားခဲ့ပြီး အမှုကိစ္စနှင့် ပတ်သက်၍ စနစ်တကျ ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု သတင်းပေးပို့ချက်များအရ သိရသည်။
“တရားလိုနဲ့ တရားလိုပြ သက်သေတွေကို စစ်ဆေးမေးမြန်းချက်တွေ တရားခံရဲ့ရှေ့နေ ဦးစောဖကြာရဲ့ အပြန်အလှန် စစ်မေးချက်တွေအရ တရားခံတွေအပေါ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ ပထမပိုင်း၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ စွဲချက်တင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။ ပုဒ်မသုံးခုလုံးနဲ့ စွဲချက်တင်တာကတော့ ဒေါ်ခိုင်ခိုင်အေးချို (မခိုင်) ကိုပါ။ ကိုသန်းဇော်ဝင်း အပေါ်ကို စွဲချက်တင်တာကတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁ ပထမပိုင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ စွဲချက်တင်တာ ဖြစ်ပါတယ်။ နောက်တရားခံနဲ့ တရာခံပြသက်သေ ငါးယောက်ကို စစ်ဆေးပါတယ်။ စစ်ဆေးပြီးတဲ့အခါမှာ အခုလ ၁၇ ရက် ၁၂ လ ၂၀၁၃ ရက်မှာ အပြီးသတ် အမိန့်ချမှတ်တာ ဖြစ်ပါတယ်” ဟု Eleven Media Group ၏မေးခွန်းမေးမြန်းမှုကို ဦးမြမင်းဟန်က ပြန်လည်ဖြေကြားရာ၌ ပြောကြားခဲ့သည်။
“အမှုတွဲတစ်ခုလုံးရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ တရားခံ မခိုင်အပေါ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ပထမပိုင်းအရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ်တစ်လ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အလုပ်လက်မဲ့ ထောင်ဒဏ်တစ်လ စုစုပေါင်း တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ပေးတာ ဖြစ်တဲ့အတွက် မခိုင်ကျခံရမယ့် ထောင်ဒဏ်က သုံးလပဲဖြစ်ပါတယ်။ နောက်တစ်တရားခံဖြစ်တဲ့ ကိုသန်းဇော်ဝင်းနဲ့ ပတ်သက်ပြီးတော့  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၅၁အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄ (ခ) အရ ထောင် ဒဏ်တစ်လ တစ်ပေါင်းတည်းကျခံ စေတာဖြစ်တဲ့အတွက် ကိုသန်းဇော်ဝင်းလည်း ထောင်ဒဏ်သုံးလ ကျခံခဲ့ရတာပဲ ဖြစ်ပါတယ်” ဟု ဦးမြမင်းဟန်က ဆိုပါသည်။
ထို့ပြင် အမှုကို စစ်ဆေးရာ၌ နှစ်ကုန်လက်ကျန် ကျဆင်းရေးအတွက် ရည်ရွယ်ပြီး အချိန်တစ်လကျော် အတွင်း ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုအမှုနဲ့ ပတ်သက်ပြီးတော့ တစ်လခွဲပဲ ကြန့်ကြာတယ်ဆိုတာက တရားလိုပြသက်သေ အားလုံးပေါင်းငါးယောက် စစ်ဆေးခဲ့ပါတယ်။ တရားခံနဲ့ တရားခံပြသက်သေ သုံးယောက်ဆိုတော့ စုစုပေါင်း ငါးယောက်နှစ်ဖက်ကိုမှ ၁၀ ယောက်ပဲ စစ်ရတာပါ။ ပြီးတော့ စပြီးတော့ ရုံးချိန်းဖြစ်တဲ့ တရားခံမခိုင်တို့၊ ကိုသန်းဇော်ဝင်းတို့ အပေါ်ကို အာမခံပေးတဲ့နေ့မှာပဲ မခိုင်ဟာ ကျွန်တော့်ကို တင်ပြထားတာ ရှိပါတယ်။ သူက သတင်းထောက်တစ်ယောက် ဖြစ်ပါတယ်။ တခြားတစ်မြို့တစ်ရွာကနေ လာပြီးတော့ ပြဿနာဖြစ်ခဲ့ရတာ ဖြစ်တဲ့အတွက် အမှုကို အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး စစ်ဆေးပေးဖို့ သူကိုယ်တိုင် ရုံးရှေ့မှာလျှောက်ထားထားတာ ရှိသလို ကျွန်တော်ကလည်း အမှုလက်ကျန် ကျဆင်းရေး စီမံချက်လည်း ရှိတဲ့အတွက် အမှုကို မှန်မှန်နဲ့မြန်မြန် စီရင်ပေးရတာ ဖြစ်ပါတယ်” ဟု ဦးမြမင်းဟန်က ဆိုသည်။
အမှုကို စစ်ဆေးရာတွင် မခိုင်ကို သတင်းထောက်အဖြစ် စဉ်းစားခြင်း မရှိခဲ့ကြောင်း၊ အမှုကို စတင်တိုင်ကြားစဉ်က မခိုင်သည် Eleven Media Group ၏ သတင်းထောက်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ တရားစွဲဆိုခြင်းသည် ထူးခြားသည့် ဖြစ်စဉ်ဖြစ်ကြောင်း ပြည်နယ်တရားလွှတ်တော်သို့ တင်ပြခဲ့သည်ဟု ဦးမြမင်းဟန်က ဆိုသည်။
“ကျွန်တော်က မခိုင်ကို သတင်းထောက်တစ်ယောက် အနေနဲ့ မမြင်ခဲ့ဘူး။ သူသတင်းထောက်ဆိုတာကိုမှ ကျွန်တော် သေသေချာချာ မေးမြန်းခဲ့တာ မရှိဘူး။ သူ့ရဲ့တင်ပြချက်အရ ကျွန်တော် သတင်းထောက်ဆိုတာ သိတယ်” ဟု ဦးမြမင်းဟန်က ပြောပါသည်။
တရားစီရင်ရေး နယ်ပယ်မှ တရားသူကြီးများ လာဘ်စားခြင်း၊ တရားဥပဒေများက လိုရာဆွဲ အသုံးချနိုင်သည့် မျှော့ကြိုးဖြစ်နေခြင်း၊ လာဘ်ပေးလာဘ်ယူမှုများကို အစိုးရက ထိရောက်စွာ မကိုင်တွယ်ခြင်းတို့ကြောင့် တရားမျှတမှု မရှိသော အမှုများ ပေါ်ပေါက်နေခြင်းဖြစ်ကာ . . . . .
“ပြည်နယ်တရားလွှတ်တော်ကို ထူးခြားဖြစ်စဉ် သဘောမျိုးနဲ့ တင်ပြတာကလွဲရင် ကျန်တာဘာမှ တင်ပြရတာမျိုး မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမှုတိုင်ကြားလာတဲ့ အခါမှာ မခိုင်ဟာ သတင်းထောက်ဖြစ်တယ် ဆိုတဲ့အကြောင်း၊ ဒီလို တရားစွဲဆိုတာဟာ ထူးခြားတဲ့ဖြစ်စဉ် ဖြစ်တယ်။ ဒါကြောင့်မို့ ထူးခြားဖြစ်စဉ် ဖြစ်တယ်လို့ ကျွန်တော်ရေးပြီးတော့ Report တင်ခဲ့တာကလွဲရင် ကျွန်တော့် လူကြီးတွေက ဒီကိစ္စနဲ့ ခေါ်ပြီးတော့ မေးတောင်မမေးဖူးသေးဘူး။ အခုမှသာ အမိန့်ချမှတ်ပြီးတော့မှသာ ခေါ်မေးတာပေါ့။ စီရင်ချက် ချပြီးပြီးချင်း Report မလုပ်ရပါဘူး။ စီရင်ချက်ချပြီးနောက် နေ့ ၉ နာရီလောက်မှာ ဒီတရားခံ မခိုင်တို့ကို သန်းဇော်ဝင်းတို့ကို အမိန့်ချတယ်လို့ ကျွန်တော့်အထက်လူကြီးတွေ သိပါတယ်။ သိတဲ့အချိန်မှာ မင်းဘာအမိန့်ချလဲလို့ မေးတဲ့အခါမှာ ကျွန်တော်သွားရောက်ပြီးတော့ တင်ပြခဲ့တာသာ ဖြစ်ပါတယ်။ အမိန့်ချပြီး နောက်တစ်နေ့မှ သူတို့သိတာပါ” ဟု ဦးမြမင်းဟန်က ပြောကြားသည်။
အမှုစစ်ဆေးစဉ် ကာလတစ်လျှောက် စစ်ဆေးမှု ဖြစ်စဉ်များကို ပြည်နယ်တရားလွှတ်တော်သို့ တင်ပြခဲ့ခြင်း မရှိဟု ဦးမြမင်းဟန်က ငြင်းဆိုသော်လည်း အမှုစစ်ဆေးသည့် နေ့ရက်တိုင်း ပြည်နယ်တရားလွှတ်တော်သို့ အစီရင်ခံရကြောင်း Eleven Media Group မှ စုံစမ်းသိရှိရသည်။ ထို့အပြင် ဦးမြမင်းဟန် မြောင်းမြမြို့တွင် တာဝန်ထမ်းဆောင်စဉ် အချိန်က ၎င်း၏အထက်အရာရှိဖြစ်သော ဒေါ်သန်းသန်းအေးမှာလည်း ယခုအချိန်တွင် ကယားပြည်နယ် တရားလွှတ်တော် တရားသူကြီး ဖြစ်သည်။
ဦးမြမင်းဟန်နှင့် တရားစီရင်ရေး၏ နောက်ကွယ်     
လွိုင်ကော်မြို့နယ် တရားစီရင်ရေး နယ်ပယ်၌ ရှေ့နေသုံးဦးသာရှိသော အခြေအနေတွင် မခိုင်အမှု၌ တရားလိုဖြစ်သော ဒေါ်အေးအေးဖြိုးမှာ လွိုင်ကော်မြို့နယ် တရားရုံးတွင် အထက်တန်းရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသော အမှုများစွာ ရှိနေသည့်အပြင် ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန် အလုပ်ပိုင်းဆိုင်ရာ ကြုံဆုံမှုများ ရှိနေသည့်အပြင် ခင်ပွန်းဖြစ်သူ စရဖဗိုလ်ကြီး ချမ်းမြေ့အောင် တရားခွင်သို့ လာရောက်ခြင်းမှာလည်း ဖိအားပေးရာရောက်ကြောင်း လွိုင်ကော်ဒေသခံများက ပြောပါသည်။
“ဒီအမှု စစ်နေဆဲမှာရော ဒီအမှု အမိန့်ချပြီးတဲ့နောက်မှာရော နောက်ထပ်စစ်ဆေးနေဆဲ အမှုမှာရော သူက အထက်တန်းရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တာ၊ ကျွန်တော့်ဆီမှာ စစ်ဆေးနေတဲ့အမှု လေးငါးမှု ရှိပါတယ်။ ပိုပြီးရင်းနှီးမှုရှိတယ် ဆိုတာထက် အလုပ်နဲ့ပတ်သက်ပြီး မခိုင်ထက်စာရင် ပိုတွေ့ဖူးတာပေါ့” ဟု ဦးမြမင်းဟန်က ပြောကြားသည်။
မြန်မာ့ တရားစီရင်ရေး စနစ်၏ ဖြစ်ပေါ်နေသော ပုံစံအရ နယ်မြို့များရှိ ရှေ့နေအများစုသည် “အမှုပွဲစား” ကဲ့သို့ ဖြစ်နေသည့်အပြင် တရားသူကြီးများကို လာဘ်ငွေပေးရာတွင် ရှေ့နေများလည်း ပါဝင်ပတ်သက်မှုရှိကြောင်း ဒီဇင်ဘာ လဆန်းပိုင်းက ထုတ်ပြန်ခဲ့သော နိုင်ငံတကာ ဥပဒေပညာရှင်များ အဖွဲ့ (ICJ) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထိုအချက်ကလည်း ဦးမြမင်းဟန်၏ ဆုံးဖြတ်ချက်ကို သံသယဖြစ်ဖွယ် အကြောင်းတစ်ရပ် ဖြစ်စေခဲ့သည်။     
ဦးမြမင်းဟန်က ၎င်းအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလတစ်လျှောက် အမှုများကို အမိန့်ချမှတ်ရာတွင် အဂတိ ကင်းရှင်းသည်ဟု ‘လက်မထောင်နိုင်ကြောင်း’ ပြောဆိုခဲ့သည်။ ထို့အပြင် မည်သည့်စုံစမ်းစစ်ဆေးမှုမှ မခံရကြောင်းနှင့် မည်သည့်ပြစ်ဒဏ်မှ မရှိဘဲ လွိုင်ကော်မြို့သို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အဂတိလိုက်စားမှု ကင်းရှင်းကြောင်းနှင့် မည်သည့်စုံစမ်း စစ်ဆေးမှုမျှ မခံရကြောင်း ဦးမြမင်းဟန်က ငြင်းဆိုခဲ့သော်လည်း မြောင်းမြမြို့နှင့် ဘိုကလေးမြို့များတွင် ဦးမြမင်းဟန် တာဝန်ထမ်းဆောင်စဉ် အချိန်က တိုင်ကြားခံရသော အမှုပေါင်း ဒါဇင်ထက်မနည်း ရှိခဲ့ပြီး စစ်ဆေးရေးအဖွဲ့က ခုံရုံးဖွဲ့ စစ်ဆေးမှုများ ရှိခဲ့သည်ဟု မြောင်းမြမြို့ခံများ၏ ပြောကြားချက်အရ Eleven Media Group က စုံစမ်းသိရှိရသည်။
ထိုကိစ္စရပ်များအနက် “ဒုတိယမြို့နယ် တရားသူကြီး၏ ရာထူးကို ထောက်ထားခြင်းမပြုဘဲ မိန်းမနှင့်ကလေး ရှိပါလျက် နောက်မိန်းမနှင့် ချိန်းတွေ့ပြီး ပြည်သူတစ်ဦးအား ဥပဒေမဲ့ ရန်ပြု၊ ခြိမ်းခြောက် ကြိမ်းမောင်းသူ ဒုတိယတရားသူကြီး ဦးမြမင်းဟန်အား ဥပဒေအရ တရားစွဲဆို အရေးယူနိုင်ရေးအတွက် ခွင့်ပြုမိန့်ပေးရန်” ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၂ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ လိပ်မူပြီး  ဦးသက်ပိုင်ဖြိုးက တိုင်ကြားသည့် တိုင်ကြားစာ၊ ၂၀၁၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သော ခွေးကိုက်ခံရသည့် အမှုတွင် တရားခံဟု စွပ်စွဲခံရသူ ဦးဆန်းဦးက လာဘ်ငွေကျပ်နှစ်သိန်း ပေးဆောင်သည့်အမှု၌ တရားလိုက လာဘ်ငွေပိုပေးသောကြောင့် တရားခံကို ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၉ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်လ ချမှတ်ခဲ့ခြင်း စသည်တို့အပြင် ဦးမြမင်းဟန်ကို ၎င်းတို့ကိုယ်တိုင် လာဘ်ငွေပေးရသည်ဟု ၀န်ခံပြောကြားထားသည့် ကိုနောင်နောင်နှင့် အခြားသူများ၊ တရားလွှတ်တော် ရှေ့နေများ ပြောကြားချက် များစွာကိုလည်း Eleven Media Group က ရရှိထားသည်။
ထို့အပြင် မြောင်းမြမြို့တွင် ဦးမြမင်းဟန် တာဝန်ထမ်းဆောင်စဉ်က ၎င်းအားတိုင်ကြားသူ များပြားသောကြောင့် စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ရသည့် ဖြစ်စဉ်လည်းရှိကြောင်း ဦးမြမင်းဟန်အား စစ်ဆေးရာတွင် ပါဝင်ခဲ့ပြီး မြောင်းမြတရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေး ၀န်ထမ်းတစ်ဦးက ပြောကြားသည်။
“သူ့ကိုစစ်တုန်းက ဆရာပါတယ်။ သူ့ကို တိုင်ထားတာက များတယ်လေ။ လာဘ်စားတာရော၊ အမှုကို မတရား ဆုံးဖြတ်တာရော၊ အရင်အချိန်ကဆိုတော့ အရေးယူတာတော့ မလုပ်ဘူး။ နယ်ပြောင်းပေး လိုက်တယ်” ဟု မြောင်းမြတရားရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သည့် တရားရေး ၀န်ထမ်းကဆိုသည်။
“မြောင်းမြမှာ သူတာဝန်ထမ်းဆောင်စဉ် အချိန်က သူဘာတွေ လုပ်ခဲ့သလဲဆိုတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ ရထားတယ်။ လိုအပ်မယ်ဆိုရင် ဒါကိုထုတ်ဖော် ပြောကြားသွားမှာပါ။ ဒီလိုထုတ်ဖော် ပြောကြားတာက သူတစ်ယောက်တည်းကို အပြစ်ကျစေချင်လို့ မဟုတ်ပါဘူး။ တရားစီရင်ရေး စနစ်ကြီးတစ်ခုလုံး ပျက်နေတာကို ပြောချင်တာပါ” ဟု Weekly Eleven News ဂျာနယ်၏ သတင်းထောက်ချုပ် ကိုမာန်သူရှိန်က ပြောကြားသည်။
မြန်မာ့တရားစီရင်ရေး စနစ်တွင် တရားသူကြီးများ မလျော်မကန် ပြုလုပ်မှုများ ရှိပါက ပြစ်ဒဏ်ပေးမှု နည်းပါးပြီး နယ်ပြောင်းရွှေ့ပေးခြင်းသာ ရှိပါသည်။ ထို့အတွက်ကြောင့် နယ်ပြောင်းခံရသူ တရားသူကြီးများသည် ၎င်းတို့ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် နယ်မှာပင် ယခင်ကဖြစ်ပွားခဲ့သော ပြဿနာများနည်းတူ အလားတူ ပြဿနာများ ဆက်လက်ဖြစ်ပွားလေ့ ရှိကြသည်။
ယခုအမှု ဖြစ်စဉ်တွင်လည်း အမှုဖြစ်စဉ်၏ အမှား၊ အမှန်ကို တရားသူကြီး ဦးမြမင်းဟန် တစ်ဦးတည်းကသာ သိရှိနိုင်မည်ဖြစ်ပြီး တရားစီရင်ရေး၏ နောက်ကွယ်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်က ပါဝင်ပတ်သက်မှု မည်မျှရှိသည် ဆိုခြင်းကို မှန်ကန်မျှတသည့် စုံစမ်းရေးအဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်မှသာ သိရှိနိုင်မည်ဖြစ်သည်။
အမှုဖြစ်စဉ်သည် သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ဥပဒေနှင့် ဆက်နွှယ်နေသူ တစ်ဦး၏ Bribery (လာဘ်ငွေပေးမှု)နှင့် ဆက်စပ်နေသည့်အပြင် တရားလိုများမှ ဥပဒေ ကျွမ်းကျင်သူများ ဖြစ်နေသည့်အတွက် ဥပဒေထောင်ချောက် အတွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု . . . . .
ယခုအချိန်တွင်မူ တရားစီရင်ရေးဘက်တွင် အကြောင်းပြချက်များစွာ ရှိနေပြီး အသရေဖျက်မှုချင်းတူသည့် အမှုမှာပင် ထောင်ဒဏ်ချမှတ်ခြင်းနှင့် ငွေဒဏ်သာချမှတ်ခြင်းတို့၌ မည်သည့်အတွက်ကြောင့် ထောင်ဒဏ်ချမှတ်ရသည်၊ မည်သည့်အတွက်ကြောင့် ငွေဒဏ်ချမှတ်ရသည် အစရှိသဖြင့် အကြောင်းပြချက်များ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
အဓိက အခြေခံပြဿနာများ အနေဖြင့် တရားစီရင်ရေး နယ်ပယ်မှ တရားသူကြီးများ လာဘ်စားခြင်း၊ တရားဥပဒေများက လိုရာဆွဲ အသုံးချနိုင်သည့် မျှော့ကြိုးဖြစ်နေခြင်း၊ လာဘ်ပေးလာဘ်ယူမှုများကို အစိုးရက ထိရောက်စွာ မကိုင်တွယ်ခြင်းတို့ကြောင့် တရားမျှတမှု မရှိသော အမှုများ ပေါ်ပေါက်နေခြင်းဖြစ် ကာ မခိုင်၏အမှု ဖြစ်ပေါ်ခြင်းမှာလည်း ထိုအကြောင်းအရာများ၏ နောက်ခံဖြစ်နေသည်။
ထို့အပြင် အမှုစစ်ဆေးစဉ် ကာလမှာပင် မခိုင်ကို Eleven Media Group ၏ နယ်သတင်းထောက်အဖြစ် သိရှိထားသော ဦးမြမင်းဟန်၏ အပြီးသတ် အမိန့်ချမှတ်ခြင်းသည် Weekly Eleven သတင်းဂျာနယ်တွင် တရားစီရင်ရေးမဏ္ဍိုင် ခြစားမှုများကို ပထမဆုံးအကြိမ် အထောက်အထားများဖြင့် ရေးသားခဲ့သော “တရားခွင်မှာ တရားသူကြီးအစား ငွေထုပ်ပဲ ရှိလာတဲ့အခါ” သတင်းဆောင်းပါး ဖော်ပြအပြီး နှစ်ပတ်ခန့်အကြာ၌ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ထိုအချက်ကလည်း မီဒီယာကို တရားစီရင်ရေး မဏ္ဍိုင်က ချုပ်ကိုင်ရန် ပြင်ဆင်လာသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး မခိုင်အမှု ဖြစ်စဉ်၏ နောက်ကွယ်တွင်လည်း ထိုသို့ရေးသား ထုတ်ဖော်မှုများက အကြောင်းတစ်ရပ် အနေဖြင့် ရှိနေနိုင်သည်။
Eleven Media Group အနေဖြင့် လွိုင်ကော်မြို့သို့ သွားရောက်စုံစမ်းခဲ့ရာတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအပေါ် အကြောက်တရား လွှမ်းမိုးနေပြီး တရားဝင်ဖြေကြားရန် ကြောက်ရွံ့နေသူများနှင့် တွေ့ဆုံခဲ့ရပြီး တရားခံမခိုင်၏ ရှေ့နေကိုယ်တိုင်က အမှန်တရားကို ထုတ်ဖော်ပြောကြားရန် အခက်အခဲ ရှိနေကြောင်း တွေ့ရှိရသည်။ သို့သော် တရားဝင်ထုတ်ဖော် ပြောကြားလိုခြင်း မရှိသော အများပြည်သူထံမှ သတင်းအချက်အလက်များစွာ ရရှိခဲ့ပြီး မီဒီယာကို သတိပေးသည့် အနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် Eleven Media Group ၏ နယ်သတင်းထောက်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တရားစီရင်ရေး နယ်ပယ်၌ တရားသူကြီး၊ ရှေ့နေနှင့် အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်များ၏ အုပ်စုဖွဲ့ လှုပ်ရှားမှုများက နယ်မြို့တိုင်းတွင် ရှိနေပြီး ထိုသို့အုပ်စုဖွဲ့ လှုပ်ရှားမှုများကို နယ်ခံများက ကြောက်ရွံ့နေသည်မှာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်ချုပ်နှင့် သက်ဆိုင်သော အမှုများကို အရေးယူနိုင်မှု မရှိသေးခြင်းက သက်သေခံနေကြောင်း စစ်ကိုင်းတိုင်းမှ တရားရေးဝန်ထမ်း တစ်ဦးက ပြောကြားခဲ့သည်။
ပုဒ်မ ၄၅၁ နှင့် အိမ်ကျော်နင်းမှု
လွိုင်ကော်သတင်းထောက်မခိုင် ရင်ဆိုင်ခဲ့ရသော ပြစ်မှုဆိုင်ရာ ပုဒ်မသုံးခုအနက် ပုဒ်မတစ်ခုမှာ ပုဒ်မ ၄၅၁ အိမ်ကျော်နင်းမှုပုဒ်မ ဖြစ်သည်။ အိမ်ကျော်နင်းမှုဆိုင်ရာ ပုဒ်မများမှာ ပုဒ်မ ၄၅၁၊ ပုဒ်မ ၄၄၇ နှင့် ပုဒ်မ ၄၄၈ အစရှိသဖြင့် ပုဒ်မသုံးမျိုးရှိသည်။ ပုဒ်မ ၄၄၇ နှင့် ၄၄၈ အရ ဆုံးဖြတ်မည်ဆိုပါက ငွေဒဏ်ကို ချမှတ်နိုင်သော်လည်းပုဒ်မ ၄၅၁ ဖြင့် ဆုံးဖြတ်ပါက အနိမ့်ဆုံး ထောင်ဒဏ်တစ်ရက်မှ နှစ်နှစ်အထိ ထောင်ဒဏ်ကျခံမည်ဖြစ်ပြီး တရားသူကြီးက ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ပါက မလွဲမသွေ ထောင်ဒဏ်ကျခံရမည့်ပုဒ်မ ဖြစ်သည်။

“တရားလိုဘက်က ရှေ့နေကိုး။ ရှေ့နေဆိုတော့ ၄၄၇ ပိုင်နက်ကျူးကျော်တယ်ဆိုရင် ဒဏ်ငွေနဲ့တင် ပြီးသွားမယ့် ကိစ္စပဲ။ ၄၄၇ ဆိုတာလည်း ထောင်ချလေ့ မရှိဘူး။ ၄၅၁ ကျတော့ ကြီးကျယ်တာပေါ့။ ပိုင်နက်အတွင်းကို ကျူးကျော်ဝင်ရောက်တာ။ ပိုင်ရှင်ကို စိတ်အငြိုအငြင်ဖြစ်အောင် စော်ကားတာ၊ ဘာလုပ်တာ၊ ညာလုပ်တာဆိုတော့ ပိုကြီးတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။
ဥပဒေ ပြဋ္ဌာန်းချက်တွင်မူ “ပြစ်မှုဆိုင်ရာ ဥပဒေ ၄၅၁- မည်သူမဆို ပြစ်မှုကိုကျူးလွန်ရ န်အလို့ငှာ အိမ်ကျော်နင်းမှုကို ကျူးလွန်ရန် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်အမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ အကယ်၍ ကျူးလွန်ရန် ကြံရွယ်သည့် ပြစ်မှုသည် ခိုးမှုဖြစ်ခဲ့သော် ထောင်ဒဏ်ကို ၇ နှစ်အထိ တိုး၍ချမှတ်နိုင်သည်” ဟု ဖော်ပြထားသည်။
အိမ်ကျော်နင်းမှုများတွင် အသုံးပြုလေ့ရှိသော ပုဒ်မ ၄၄၇ ဖြင့် စွဲဆိုခံရပြီး ပြစ်မှုထင်ရှားသည်ဟု တရားသူကြီးက ဆုံးဖြတ်သည်ဆိုပါက ထောင်ဒဏ်သုံးလဖြစ်စေ၊ ငွေဒဏ်ကျပ် ၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။ ထို့ပြင် ပုဒ်မ ၄၄၈ ဖြင့် စွဲဆိုခံခဲ့ရပြီး ပြစ်မှုထင်ရှားသည်ဟု စီရင်ခြင်း ခံရသည်ဆိုပါက တစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငွေတစ်ထောင်အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်မည်ဖြစ်သည်။
“အမှုတစ်ခု ဖြစ်တယ်ဆိုလို့ရှိရင် ဥပဒေ၀န်ထမ်းတို့၊ ရဲတို့တပ်ပေးတဲ့ ပုဒ်မနဲ့စစ်တာပေါ့။ သဘောကတော့ ပြစ်ဒဏ်ပြစ်မှုကို ရဲကတည်ဆောက်တယ်။ တည်ဆောက်ပြီးတော့ ဥပဒေရုံးကိုပို့တယ်။ ဥပဒေရုံးက အဲဒီပုဒ်မ၊ အဲဒီပုဒ်မဆိုပြီး လုပ်တယ်။ ပြောကြမယ်ဆိုရင် ဥပဒေရုံးဘက်ကလည်း တာဝန်တော့ရှိတယ်။ ဥပဒေရုံးက တပ်ပေးတဲ့ပုဒ်မကို တရားသူကြီးက မလျှော့မပြုရဲဘူးလို့ပဲ ပြောရမလား။ မလျှော့မပြုရဘူးလို့ အပေါ်ကညွှန်ကြားချက် လာသလားတော့ မသိဘူး။ လူတစ်ယောက်ကို အာမခံချက် မပေးချင်ရင် အာမခံပေးလို့ မရတဲ့ ပုဒ်မစွဲတပ်လိုက်တယ်။ အခုလည်း ထောင်ချလို့ရတဲ့ ပုဒ်မတစ်ခုကို စွဲတယ်။ ပုဒ်မ ၅၀၀ လောက်နဲ့ဆို ထောင်ချလို့ မကောင်းဘူးဆိုပြီး အဲဒါမျိုးတွေလုပ်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်က ဆိုသည်။
မခိုင်၏ အမှုဖြစ်စဉ်သည် သာမန်ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ ဥပဒေနှင့် ဆက်နွှယ်နေသူ တစ်ဦး၏ Bribery (လာဘ်ငွေပေးမှု)နှင့် ဆက်စပ်နေသည့်အပြင် တရားလိုများမှ ဥပဒေ ကျွမ်းကျင်သူများ ဖြစ်နေသည့်အတွက် ဥပဒေထောင်ချောက် အတွင်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဦးသိန်းသန်းဦးက ပြောကြားသည်။
“ဘာတွေဖော်ပြသလဲဆိုတော့ ဥပဒေ ထောင်ချောက်တွေကို မသိကြဘူး။ ဒီကိစ္စမျိုးဆိုရင် ဖြစ်တဲ့အမှုက Bribery နဲ့ ဆက်နွှယ်နေတာ။ ငါ့ရှေ့နေနဲ့ သွားတွေ့ချည်ဆိုတဲ့အခါ၊ လိုက်သွားတဲ့အခါ ဒီကိစ္စမှာ သတင်းထောက်ဆိုတော့ ဘယ်ပြောပါ့မလဲ။ ပြီးတော့ ဟိုဘက်က လူတွေက ရှေ့နေတွေ။ ရှေ့နေဆိုတော့ သိပြီလေ။ ဒီဘက်ကလူတွေက သာမန်လူ။ ဥပဒေနဲ့ နားမလည်တဲ့သူတွေ သဘောရိုး လိုက်သွားတဲ့အခါမှာ ပုံကြီးချဲ့ပြီးတော့ အမှုကို ဖန်တီးလိုက်တာပဲ” ဟု ဦးသိန်းသန်းဦးက ဆိုသည်။
မခိုင်ကို စတင်အမှုတင်စဉ် အချိန်က ပုဒ်မ ၄၅၁၊ ပုဒ်မ ၅၀၆၊ ပုဒ်မ ၂၉၅ (ခ) တို့ဖြင့် စွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ပုဒ်မ ၅၀၆ ကို ပုဒ်မ ၅၀၀ အဖြစ်သို့ ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က ပြောင်းလဲပေးခဲ့သည်မှအပ ကျန်ရှိသည်များကို မူလစွဲချက်တင်သည့် အတိုင်းပင် လက်ခံခဲ့ခြင်းဖြစ်သည်။
ထိုသို့ ပုဒ်မတစ်ခုကိုသာ ပြောင်းလဲပေးခဲ့ခြင်းကြောင့် မခိုင်သည် အမှုစတင် ရင်ဆိုင်စဉ် အချိန်ကပင် တရားသူကြီး၏ ဆုံးဖြတ်ချက်အရ ပြစ်မှုထင်ရှားသည် ဆိုပါက အနိမ့်ဆုံး ထောင်ဒဏ်တစ်ရက် ကျခံရမည် ဖြစ်သည်။
တစ်နည်းအားဖြင့် မခိုင်ကို ထောင်ဒဏ်အမိန့် ချမှတ်နိုင်သော ပုဒ်မဖြင့် စွဲချက်တင်လာခြင်းကို တရားသူကြီးက သိလျက်နှင့်ပင် စစ်ဆေးပြီး ထောင်ဒဏ်အမိန့် ချမှတ်ခဲ့ခြင်း ဖြစ်သည်။  
ပုဒ်မ ၅၀၀ နှင့် ထောင်ဒဏ်    
ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်သည် မခိုင်အား ကနဦး စွဲချက်တင်ခဲ့သော ပုဒ်မ ၅၀၆ အစား ပုဒ်မ ၅၀၀ ဖြင့် ပြောင်းလဲစစ်ဆေးပေးခဲ့သည့်နည်းတူ ထိုပြောင်းလဲပေးခဲ့သော ပုဒ်မဖြင့်ပင် ထောင်ဒဏ် တစ်လ ချမှတ်ခဲ့သည်။
နယ်မြို့အသီးသီးတွင် အုပ်ချုပ်ရေးနှင့် တရားရေးနယ်ပယ်ကို ပုဂ္ဂိုလ်များ၊ အုပ်စုဖွဲ့မှုများကို ကြောက်ရွံ့နေမှုများ ဆက်ရှိနေခြင်းက ၂၀၁၅ ရွေးကောက်ပွဲသည် မည်မျှအထိ တရားမျှတမှု ရှိမည်၊ မရှိမည် ဆိုသည့်အပေါ် သံသယ ရှိနေ . . . . .
အသေရေဖျက်မှုဟု သိရှိထားသည့် ပုဒ်မ ၅၀၀ ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့သည့် ဖြစ်စဉ်မှာ မြန်မာ့တရားစီရင်ရေး နယ်ပယ်၌ မရှိသလောက် ရှားပါးပြီး ငွေဒဏ်ဖြင့်သာ ပြီးဆုံးလေ့ရှိသည်။ ၂၀၁၀ ပြည့်နှစ်အတွင်းက မြန်မာ့သတင်းမီဒီယာ လောကအတွင်း အထင်ကရ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည့် အမှုဖြစ်သော “ထက်ထက်မိုးဦးက သတင်းထောက်ကို ပါးရိုက်သည့်အမှု” တွင် အသေရေဖျက် ပုဒ်မဖြင့် တရားစွဲဆိုခံခဲ့ရသော ထက်ထက်မိုးဦးသည် အပြီးသတ် အမိန့်ချမှတ်ချိန်တွင် ဒဏ်ငွေတစ်ထောင် ပေးဆောင်ခဲ့ခြင်းဖြင့်သာ အဆုံးသတ်ခဲ့သည်။
သို့ရာတွင် နေအိမ်အတွင်း ပိုင်ရှင်ခွင့်ပြုချက်ဖြင့် ၀င်ရောက်မေးမြန်းခဲ့သည့် မခိုင်ကို အသေရေဖျက်မှု ပုဒ်မဖြင့်ပင် ထောင်ဒဏ်တစ်လ ချမှတ်လိုက်ခြင်းမှာ တရားသူကြီး၏ ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။
“ဒါကတော့ ရှင်းပါတယ်။ နာမည်ကြီး ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ အမှုမှာ ဒဏ်ငွေပဲ တပ်ရိုက်ပြီးတော့ အခု ဒီပုဒ်မမှာကျမှ ထောင်ဒဏ်ပဲ သတ်မှတ်တယ်ဆိုတော့ ဒါကတော့ ဥပဒေကြောင်းအရ ပြောရင်တော့ ထောင်ဒဏ်၊ ငွေဒဏ် ဒဏ်နှစ်ရပ်စလုံး ချမှတ်နိုင်ခွင့်ကတော့ တရားသူကြီး လက်ထဲမှာ ရှိတာပဲ။ ဒါပေမဲ့ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကာလမှာ ထောင်ဒဏ်ကို သတင်းထောက်တစ်ယောက်ကို ပေးတဲ့ကိစ္စကတော့ ဒီ့ထက်ထူးခြားတဲ့ နောက်ခံအကြောင်းလေးတွေ ရှိမယ်လို့ထင်တယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။
“ဥပဒေအရ ပြောမယ်ဆိုရင် ရုံးကချတာကတော့ ဥပဒေအရ ချတာပဲ။ အမှန်အမှားက သပ်သပ်၊ ပြစ်ဒဏ်တွေကတော့ သူစီရင်ပိုင်ခွင့်ရှိတဲ့ ပြစ်ဒဏ်တွေကို ချတာပဲ။ ဒါကတစ်အချက်။ နံပါတ်နှစ်အချက်က ဒါပေမဲ့ ပုဒ်မ ၅၀၀ လို အမှုမျိုးက ဘယ်တော့မှ ထောင်မချဖူးဘူး။ ထောင်နှစ်နှစ်အထိ ချလို့ရတယ်။ ဒဏ်ငွေတွေပါတယ်။ ဒဏ်ငွေပဲ ဆောင်ခိုင်းလေ့ရှိတယ်။ ထောင်ဒဏ်ချလေ့ မရှိဘူး။ နောက်ပြီးတော့ ကြီးမားတဲ့ကိစ္စလည်း မဟုတ်ဘူး”ဟု ဦးသိန်းသန်းဦးက ဆိုသည်။
“ရုံးကတော့ အမှုကို ဆုံးဖြတ်တာပဲ။ သူပေးတဲ့ ပြစ်ဒဏ်ဆို ပုဒ်မ ၅၀၀ ဆို ထောင်နှစ်နှစ်အထိ ချလို့ရတယ်။ သူတစ်လချတယ်။ သူကဘောင်နဲ့ပဲ။ အများကြီးတောင် သက်သာတယ်ဆိုတဲ့ ပုံစံမျိုး။ သို့သော် ပုဒ်မ ၅၀၀ နဲ့ ထောင်ချတာ တစ်ခါမှ မတွေ့ဖူးသေးဘူး။  ဥပဒေအရတော့ ဖြစ်တာပေါ့။ သူ့ကို အပ်နှင်းမထားတဲ့ အခွင့်အာဏာကို သုံးတာမဟုတ်ဘူး။ သူက ဘောင်အတွင်းက လုပ်တာဖြစ်လို့ သူ့အမှုနဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် ပြင်းထန်တယ်လို့ ပြောလို့ရတယ်” ဟု ဦးသိန်းသန်းဦးက ဆက်လက်ပြောကြားသည်။
မေးခွန်းထုတ်စရာ ဖြစ်နေသည်များ    
ဒုတိယမြို့နယ် တရားသူကြီး ဦးမြမင်းဟန်က မခိုင်၏အမှုကို စစ်ဆေးဆုံးဖြတ်ရာတွင် သက်ညှာစွာဖြင့် ဆုံးဖြတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသော်လည်း ၎င်း၏ဆုံးဖြတ်ချက် အမိန့်သည် မေးခွန်းထုတ်စရာ အများအပြား ရှိနေသည်ဟု ၀ါရင့်ဥပဒေ ပညာရှင်များက ပြောကြားသည်။
“အရေးကြီးတဲ့ အချက်တစ်ချက်က ဘာလဲဆိုတော့ ဒီနေ့အချိန်မှာ မိမိတို့ချမှတ်တဲ့ အမိန့်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီညွတ်သလား၊ မညီညွတ်ဘူးလား။ အဲတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၆ မှာ တည်ဆဲဥပဒေများသည် ပြည်ထောင်စုလွှတ်တော်က ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်း မပြုသေးမီ ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်သမျှ အတည်ဖြစ်သည်ပေါ့။ အဲဒီတော့ ပုဒ်မ ၃၅၄ သတင်းမီဒီယာသမားတွေ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မိမိရဲ့သတင်းကို ရေးသားဖြန့်ဝေခွင့်ရဖို့ သတင်းသွားယူတယ်။ သတင်းသွားယူတဲ့ အပေါ်မှာ အင်တာဗျူး လုပ်တဲ့သူက ခွင့်မပြုတဲ့အခါမှာ ငြင်းဆန်တဲ့ အချက်ပေါ့။ ဒါပေမဲ့ အဲဒီလို ငြင်းဆန်ရုံလောက်နဲ့ အခုလို ထောင်ဒဏ်သုံးလ ချမှတ်ခဲ့တယ် ဆိုတာကတော့ အမျိုးသမီး တစ်ယောက်ပေါ်မှာ ဖြစ်တဲ့အတွက် အများကြီး တရားစီရင်ရေး အပေါ်မှာ မေးခွန်းထုတ်စရာရှိတယ်” ဟု တရားလွှတ်တော်ရှေ့နေ တစ်ဦးဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ထောက်ပြသည်။
“ဥပဒေရဲ့ သဘောတရားက အမျိုးသမီးတွေဆိုရင် သေဒဏ်တောင်မပေးဘူး။ တော်တော်တန်တန် အာမခံ မပေးရဘူးဆိုတဲ့ ပုဒ်မကိုတောင်မှ အမျိုးသမီးဆို ပေးလို့ရတယ်။ ဒီကိစ္စမှာလည်း သတင်းထောက်ဖြစ်နေတာ တစ်ခု၊ အမျိုးသမီးဖြစ်နေတာ တစ်ခု၊ ပြစ်ချက်ဟောင်းတွေ အရင်က မရှိခဲ့တာ တစ်ခု၊ ဒီမိုကရေစီ ထွန်းခါစ၊ မီဒီယာဥပဒေတွေနဲ့ လူတွေအကုန်လုံး စိတ်ဝင်စားနေတဲ့ အချိန်မှာ သတင်းထောက်မလေးကို လုပ်တာက လွန်ကျူးသွားတယ်ပေါ့” ဟု ဦးသန်းမောင်က ပြောကြားသည်။
သို့သော် မခိုင်၏ အမှုကို စဉ်းစားရာတွင် သတင်းထောက်ဟူ၍ မစဉ်းစားခဲ့သည့်အပြင် သတင်းယူစဉ် ဖြစ်ပွားသည်ဟုလည်း မယူဆကြောင်း ဦးမြမင်းဟန်က ပြောပါသည်။
“သတင်းထောက်ဆိုတာ ထည့်စဉ်းစားဖို့လိုတယ်။ လူတစ်ယောက်ကို အပြစ်ရှိတယ်၊ မရှိတယ် ဆုံးဖြတ်ရတာလည်း တစ်ပိုင်း၊ အဲဒီလူတစ်ယောက်ကို ပြစ်ဒဏ်ဘယ်လောက်ချရမယ် ဆိုတာကလည်း တစ်ပိုင်း၊ စဉ်းစားရတာ နှစ်မျိုးရှိတယ်။ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ အဲဒီလူကို ပြစ်ဒဏ်ဘယ်လောက် ပေးသင့်လဲဆိုတဲ့ အခါကျရင် အဲဒီလူရဲ့ အလုပ်အကိုင်၊ သဘောသဘာဝ၊ လိင်၊ အသက်အရွယ်၊ ပြစ်ဒဏ်ကျူးလွန်ခဲ့ဖူးခြင်း ရှိမရှိ၊ နောက်ဒီပြစ်ဒဏ်ကို ခံစားလိုက်ရင် တရားခံမှာ ဘာတွေထိခိုက် နစ်နာမလဲဆိုတာ စဉ်းစားတာက ပိုပြီးတော့ ထည့်သွင်းစဉ်းစားရမယ့် ကိစ္စဖြစ်တယ်။ တရားစီရင်တယ်ဆိုတာ စက်ရုံက ကွန်ပျူတာနဲ့တွက်တဲ့ ထောင်ဒဏ်ချတာမျိုး မဟုတ်ဘူး။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ချတဲ့ ပြစ်ဒဏ်ဖြစ်တယ်။ အချက်အလက်တွေပြပြီး ထောင်ဘယ်လောက်ချတယ် ဆိုတာမျိုးမှ မဟုတ်တာ” ဟု ဦးသန်းမောင်က ပြောကြားသည်။
မခိုင်ကို စွဲချက်တင်ခဲ့သည့် အိမ်ကျော်နင်းမှုမှာလည်း မေးခွန်းထုတ်စရာများ ရှိခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ကိုဖိုးဖြူက ဆိုသည်။
“လူတစ်ယောက်ရဲ့ ဥပစာ၊ အိမ်ထဲထိအောင်ကို သွားခွင့်၊ သတင်းယူခွင့် ရခဲ့တယ် ဆိုတာကိုက ကာယကံရှင် မိသားစုကိုယ်တိုင်က သဘောတူညီမှု ရှိခဲ့လို့သာလျှင် သတင်းရယူခွင့် ရခဲ့တာ ဖြစ်နိုင်မယ်လို့ ယူဆမိပါတယ်။ ဘာလို့လဲဆိုတော့ အိမ်ထဲထိသွားတယ်၊ ကျူးကျော်မှုတွေ၊ ကျော်နင်းမှုတွေ ဖြစ်တယ်ဆိုကတည်းက သတင်းသမား တစ်ယောက်ဟာ အဲဒီမိသားစုအိမ်က လက်မခံဘဲနဲ့တော့ ဘယ်နည်းနဲ့မှ ဒါဟာအိမ်ထဲထိရောက်အောင် ယူနိုင်မှာမဟုတ်ဘူး။ တစ်စုံတစ်ရာ လက်ခံမှု ရှိခဲ့လို့သာ သူ့အနေနဲ့ အိမ်ထဲကို ရောက်ခဲ့ရတယ်လို့ မြင်ပါတယ်” ဟု ကိုဖိုးဖြူက ဆိုသည်။
နိုင်ငံတကာ၏ တုံ့ပြန်မှု
သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ ဂျာနယ်လစ် အဖွဲ့အစည်းများက ကန့်ကွက်မှုများကို လျင်မြန်စွာ ပြုလုပ်ခဲ့သည်။
ထိုသို့ ကန့်ကွက်မှုများ ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းများမှာ ကမ္ဘာ့သတင်းစာများနှင့် သတင်းစာ ထုတ်ဝေသူများ အစည်းရုံး (WAN-IFRA) နှင့် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) တို့ ဖြစ်ကြသည်။
WAN-IFRA သည် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှ မီဒီယာများ အသင်းဝင်ထားသည့် အဖွဲ့ဖြစ်ပြီး CPJ သည် နိုင်ငံတကာ ဂျာနယ်လစ်များအားလုံး အလေးထားသည့် အဖွဲ့တို့ဖြစ်ကြသည်။ ၎င်းတို့၏ အတွေ့အကြုံအရ ဂျာနယ်လစ်တစ်ဦးကို နေအိမ်ကျော်နင်းမှု၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှုများဖြင့် တရားစွဲဆိုပြီး ထောင်ချလိုက်ခြင်းသည် သတင်းလွတ်လပ်ခွင့်ကို ထိပါးမည့် အရိပ်လက္ခဏာ ဖြစ်ခြင်းကြောင့် ယခုကဲ့သို့ လျင်မြန်စွာ ကန့်ကွက်ရခြင်းဖြစ်ကြောင်း သိရသည်။
သမ္မတဦးသိန်းစိန်ထံသို့ တိုက်ရိုက်ရေးသားခဲ့သော WAN-IFRA ၏ မေတ္တာရပ်ခံစာတွင် “ကျွန်ုပ်တို့အနေဖြင့် အဆိုပါ ပြစ်ဒဏ်ချမှတ်မှုကို အလျင်အမြန် စုံစမ်းစစ်ဆေး၍ အဆိုပါအမှုတွင် နိုင်ငံရေးအရ ၀င်ရောက်နှောင့်ယှက်မှုများနှင့် လွဲချော်မှုများ ရှိမရှိ ပြန်လည်စိစစ်ပေးရန် သမ္မတကြီးအား လေးစားစွာ တောင်းဆိုအပ်ပါသည်။ ဤကဲ့သို့ ပြစ်ဒဏ်ပေးမှုသည် မြန်မာမီဒီယာများကြား ထိတ်လန့်တုန်လှုပ်ဖွယ် အကျိုးသက်ရောက်မှုနှင့် အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလတွင် စိုးရိမ်ဖွယ် အခြေအနေတစ်ရပ် ဖြစ်ပေါ်စေမည်ကို ကျွန်ုပ်တို့အနေဖြင့် စိုးရိမ်မကင်း ဖြစ်မိပါသည်” ဟု ဖော်ပြခဲ့သည်။
CPJ မှ ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ချက်တွင် ယခုချမှတ်ခဲ့သော ပြစ်ဒဏ်ကို ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် အမှု၏ ပြစ်ဒဏ်အတွက် ထပ်မံအယူခံဝင်ရာတွင် အမှုကို အရေးမယူဘဲ ပလပ်ပေးရန် တောင်းဆိုခဲ့သည်။
“မေးခွန်းထုတ်စရာဖြစ်တဲ့ တရားစွဲဆိုမှုတွေနဲ့ သတင်းထောက်တစ်ယောက်ကို ထောင်ဒဏ်ချမှတ်ခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်အထိ လုပ်ဆောင်ဖို့ လိုနေသေးလဲဆိုတာနဲ့ မီဒီယာကို ဖိနှိပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်ဖို့ လိုနေတယ်ဆိုတာကို ပြသနေပါတယ်” ဟု CPJ က ပြောကြားခဲ့သည်။
နိုင်ငံတကာ အဖွဲ့အစည်းများနည်းတူ ပြည်တွင်းရှိ မီဒီယာအဖွဲ့အစည်း အသီးသီးကလည်း သတင်းထောက် မခိုင်ကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းအား ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြပြီး “လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့်” ကို ထိပါးနေသည့်အပြင် မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို ပြည်သူများနှင့် နိုင်ငံတကာမှ မေးခွန်းထုတ်နေချိန်တွင် သတင်းထောက်တစ်ဦးကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်ခြင်း ဖြစ်နေသည့်အပြင် သတင်းထောက်များ၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ထုတ်ပြန်ချက်များ၌ ပြောဆိုခဲ့ကြသည်။
သတိပေးခေါင်းလောင်းသံ
မည်သို့ပင်ဆိုစေကာမူ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သတင်းထောက်တစ်ဦးကို အငြင်းပွားဖွယ်၊ မေးခွန်းထုတ်ဖွယ် စွဲဆိုချက်များဖြင့် ပထမဆုံး ထောင်ဒဏ်ချမှတ်လိုက်ခြင်းသည် အခြားသော ဂျာနယ်လစ်များနှင့် အသွင်ကူးပြောင်းစ မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်အတွက် သတိပေးခေါင်းလောင်းသံ ဖြစ်ခဲ့သည်။
ဥပဒေဘောင် အတွင်းမှပင် လွတ်လပ်စွာ လှုပ်ရှားနေသော သတင်းထောက်များအား တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်မှ ပုဂ္ဂိုလ်များက မျှော့ကြိုးသဖွယ် ဖြစ်နေသော ဥပဒေများဖြင့် အချိန်မရွေး အရေးယူနိုင်သည့် အခြေအနေက မြန်မာ့သတင်းမီဒီယာ လောကအား တုန်လှုပ်မှု ဖြစ်စေခဲ့သည်။
“အထူးသဖြင့် လူငယ်သတင်းသမားတွေအပေါ် အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒါလန့်သွားစေနိုင်တာပေါ့။ ဘာလို့ဆိုတော့ သူကထောင်ချောက်ဆင်လို့ ရတာကိုး” ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။
 
မျှော့ကြိုးသဖွယ် ဖြစ်နေသော ဥပဒေများက လွတ်လပ်စွာ သတင်းရယူခွင့် အပါအ၀င် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများကိုပါ ချိုးဖောက်နေသည်ဟု ကိုဖိုးဖြူက ဆိုသည်။
“ရိုးရိုးလေးနဲ့ ရှင်းရှင်းလေးပါပဲ။ လွတ်လပ်စွာ သတင်းယူပိုင်ခွင့်ဆိုတဲ့ နိုင်ငံသားတွေရဲ့ တစ်ကမ္ဘာလုံးမှာ စံအဖြစ်ထားရှိတဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်းကို ဆန့်ကျင်ခံလိုက်ရတဲ့ အခြေအနေတစ်ခုလို့ မြင်မိပါတယ်” ဟု ကိုဖိုးဖြူက ပြောကြားသည်။
ထို့အပြင် သတင်းမီဒီယာ သမားများကို ကာကွယ်စောင့်ရှောက်နိုင်သည့် လွတ်လပ်ပြီး မှန်ကန်မျှတသော သတင်းမီဒီယာ ဥပဒေမှာလည်း အမြန်ဆုံးပေါ်ထွက်ရန် လိုအပ်နေပါသည်။
လက်ရှိအချိန်တွင် သတင်းမီဒီယာ ဥပဒေကြမ်းမှာ လွှတ်တော်တွင် ဆွေးနွေးသည့် အဆင့်၌သာ ရှိနေသေးပြီး လွှတ်တော်တွင် ဆွေးနွေးစဉ်အချိန်က ပါဝင်ခဲ့သော “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအတွင်း တည်ထောင်ထားသော သတင်းမီဒီယာ လုပ်ငန်းအားလုံးရှိ သတင်းမီဒီယာသမား အားလုံး၏ တာဝန်၊ ကျင့်ဝတ်၊ သိက္ခာဖောက်ဖျက်မှုနှင့် တားမြစ်ချက်များ ချိုးဖောက်သည့် အမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရသာ အရေးယူရမည်” ဆိုသော အချက်ကို အခြားတည်ဆဲ ဥပဒေများ ရှိနေသည်ဆိုသော အကြောင်းပြချက်ဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ပယ်ဖျက်ခဲ့ခြင်းသည် သတင်းထောက်များ၏ အနာဂတ်ကို ပိုမိုစိုးရိမ်ဖွယ် ဖြစ်ခဲ့သည်။
လက်ရှိ ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများသည် မျှော့ကြိုးသဖွယ် ဖြစ်နေပြီး လိုသလို ဆွဲဆန့်နိုင်သည့် ဥပဒေများ ဖြစ်နေခြင်းမှာ မေးခွန်းထုတ်စရာ ဖြစ်နေပြီး တရားစီရင်ရေးမဏ္ဍိုင် အပါအ၀င် မဏ္ဍိုင်အသီးသီး၏ ခြစားမှု၊ မသမာမှုများကို သတင်းထောက်များက ဖော်ထုတ်ရေးသား လာချိန်တွင် တရားစီရင်ရေးမဏ္ဍိုင်၏ လက်စားချေမှုကို စတင်ရင်ဆိုင်လာရပြီဟု သတင်းထောက်များက ပြောကြားသည်။
ထို့အပြင် မခိုင်၏ အမှုဖြစ်စဉ်တွင် အမှုမှန်ခြင်း၊ မမှန်ခြင်းထက် စွဲချက်တင်ခဲ့သော ပုဒ်မများအရ မူလကပင် ထောင်ကျစေရန် ရည်ရွယ်ခဲ့ခြင်း၊ ငွေဒဏ်ဖြင့်သာ ပြီးလေ့ရှိသော ပုဒ်မများကို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း အစရှိသော စီရင်ချက်ချမှု ဆိုးရွားခြင်းက အထက်ပါအချက်ကို ပေါ်လွင်စေကြောင်း သိရှိရသည်။
ထို့အတူ နယ်မြို့အသီးသီးတွင် အုပ်ချုပ်ရေးနှင့် တရားရေးနယ်ပယ်ကို ပုဂ္ဂိုလ်များ၊ အုပ်စုဖွဲ့မှုများကို ကြောက်ရွံ့နေမှုများ ဆက်ရှိနေခြင်းက ၂၀၁၅ ရွေးကောက်ပွဲသည် မည်မျှအထိ တရားမျှတမှု ရှိမည်၊ မရှိမည် ဆိုသည့်အပေါ် သံသယ ရှိနေကြပါသည်။

လက်ရှိဖြစ်ပေါ်နေသော တရားမမျှတမှုများ၏ အခြေခံ ပြဿနာများဖြစ်သော တရားစီရင်ရေး နယ်ပယ်မှ တရားသူကြီးများ လာဘ်စားခြင်း၊ အဂတိလိုက်စားပြီး တရားဥပဒေများက လိုရာဆွဲ အသုံးချနိုင်သည့် မျှော့ကြိုးဖြစ်နေခြင်းနှင့် ထိုကိစ္စရပ်များကို အစိုးရက ထိရောက်စွာ အရေးယူမှု မရှိပါက မြန်မာနိုင်ငံမှာ သိက္ခာမရှိသော နိုင်ငံအဖြစ် ဆက်ရှိနေမည်ဖြစ်ကြောင်း ပြောကြားမှုများ ရှိနေသည်။ 
Eleven
 

0 comments:

Post a Comment