23.12.13

မိုင်းထောင်ငါးဖမ်းမှုကြောင့် မြိတ်ကျွန်းစုရှိ သန္တာကျောက်တန်းများ ပျက်စီး

မြန်မာနိုင်ငံတွင် သန္တာကျောက်တန်းများ အများဆုံးတည်ရှိသော တနင်္သာရီတိုင်း မြိတ်ကျွန်းစုအနီးတွင် မိုင်းခွဲငါးဖမ်းလုပ်ငန်းများနှင့် ကျောက်ပန်းလုပ်ငန်းများကြောင့် သန္တာကျောက်တန်းများ ပျက်စီးမှုများရှိနေကြောင်း သန္တာကျောက်တန်းများကို သုတေသနပြုလုပ်နေသော မော်လမြိုင်မြို့အဏ္ဏ၀ါသိပ္ပံဌာနမှဒေါက် တာချယ်ရီအောင်က မဇ္ဈိမကိုပြောသည်။


သန္တာကျောက်တန်းအတွင်းရှိသည့် ငါးများမှာ ဈေးအမြင့်ဆုံးရရှိကာ နိုင်ငံခြားပို့ကုန်အဖြစ်လည်း ဈေးနှုန်းမှာ အမြင့်ဆုံး ရရှိနေသည့်အတွက် ငါးဖမ်းသူများက နည်းမျိုးစုံးသုံးပြီး ဖမ်းဆီးမှုများ ပြုလုပ်ကြခြင်းဖြစ်သည်ဟု ငါးလုပ်ငန်းအဖွဲ့ချူပ် အကြံပေးပညာရှင် ဦးခင်မောင်စိုးက ပြောသည်။

“အခုတွေ့ရတဲ့ပျက်စီးမှုအနေထားက ထိန်းသိမ်းလို့ရတဲ့အနေထားမှာ ရှိနေပါတယ်။ သန္တာကျောက်တန်း တွေရှိတဲ့နေရာမှာ မိုင်းမခွဲဖို့၊ ကျောက်ပန်းတွေမခွာဖို့အတွက် ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး ပညာပေးလုပ်ငန်းတွေ လုပ်ပေးဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

မိုင်းခွဲငါးဖမ်းခြင်းလုပ်ငန်းများကို အဓိကအားဖြင့် ထိုင်းငါးဖမ်းစက်လှေများက ပြုလုပ်ကြပြီး ဒေသခံငါးဖမ်းသူများကလည်း သန္တာကျောက်တန်းများကြားအတွင်းရှိ ငါးများထွက်လာရန် ငါးများမူးစေသော အဆိပ်များကို အသုံးပြုကာ ဖမ်းဆီးမှုများရှိနေရာ အဆိုပါ အဆိပ်များကြောင့် သန္တာကျောက်တန်းများ ပျက်စီးကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် ကျောက်ပန်းလုပ်ငန်းသည် သန္တာကျောက်တန်းများကို အိမ်များတွင် အလှထားရန်အတွက် ဈေးကြီးပေးဝယ်နေမှုများလည်း ရှိသည့်အတွက် သန္တာကျောက်ဆောင်များမှ ခွာယူပြီး အရောင်းအ၀ယ် ပြုလုပ်နေသည်ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက မြိတ်ကျွန်းစုဒေသတွင် ကျွန်းပေါင်း ၂၄ ခုကို လေ့လာမှုများပြုလုပ်ခဲ့ရာ သန္တာကျောက်တန်း မျိုးစိတ်ပေါင်း ၅၁၈ မျိုး တွေ့ရှိခဲ့သည်ဟု အဏ္ဏ၀ါသိပ္ပံဌာနက ဆိုသည်။

မြိတ်ကျွန်းစုဒေသတွင် ၀ါးကျွန်း၊ ပုလဲကျွန်း၊ ကမာကျွန်း၊ ဆင်ကျွန်း၊ လန်ပိကျွန်းတို့သည် သန္တာကျောက်တန်းများ အများဆုံးရှိသော နေရာများဖြစ်သည်။

မြိတ်ကျွန်းစုဒေသတွင် ငါးဖမ်းခြင်းလုပ်ငန်းကို ကမ်းနီးငါးဖမ်းလုပ်ငန်းများဖြင့်သာအသက်မွေးဝမ်းကျောင်း ပြုရပြီး သန္တာကျောက်တန်းများ ပျက်စီးရခြင်းအကြောင်းမှာ တရွတ်ဆွဲပိုက်များဖြင့် ဖမ်းသော ငါးဖမ်းစက်လှေများကြောင့်သာဖြစ်ကြောင်း မြိတ်ဒေသခံ ဦးအောင်ကိုဝင်းက ပြောသည်။

“စက်တပ်ငါးဖမ်းရေယာဉ်တွေလာရင် ရေအောက်ကြမ်းပြင်အထိရောက်တဲ့ ပိုက်တွေနဲ့ ဖမ်းကြတယ်။ ဒါတွေကို ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ ကမ်းနီးကမ်းဝေးငါး ဖမ်းလုပ်ငန်းတို့က ထိန်းချုပ်တားဆီးသင့်တယ်။ ဒီစက်တပ်ငါးဖမ်းသဘောင်္တွေကြောင့် သန္တာကျောက်တန်းတင်မကဘူး ငါးသယံဇာတကိုပါ ပြုန်းတီးစေနိုင်တယ်”ဟု ဆိုသည်။

ယင်းကဲ့သို့ သန္တာကျောက်တန်းများအနီးတွင် တရွတ်ဆွဲပိုက်များဖြင့် ငါးဖမ်းခြင်း၊ မိုင်းထောင်ငါးဖမ်းခြင်း လုပ်ငန်းကို မပြုလုပ်ရန်အတွက် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တားမြစ်ထားသော်လည်း ငါးဖမ်းသူ များအနေဖြင့် မလိုက်နာဘဲ စည်းကမ်းဖောက် လုပ်ကိုင်မှုများရှိနေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချူပ် အကြံပေးပညာရှင် ဦးခင်မောင်စိုးက မှတ်ချက်ပြု ပြောကြားသည်။

သန္တကျောက်တန်းများသည် ရေထုညစ်ညမ်းမှုရှိမရှိကို ညွှန်ပြနိုင်ပြီး ပင်လယ်နေသတ္တ၀ါများ နေထိုင်ကျက်စား သားပေါက်ရာနေရာဖြစ်သည်။ ကမ်းရိုးတန်းများတွင် သန္တာကျောက်တန်းများရှိခြင်းကြောင့် ကမ်းပြိုမှုကို ထိန်းပေးခြင်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကို အထောက်အကူပြုစေနိုင်ကြောင်း သန္တာကျောက်တန်းများကို သုတေသနပြုလုပ်နေသူများက ဆိုကြသည်။

Mizzima - News in Burmese

0 comments:

Post a Comment