24.12.13

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ထပ်မံတက်ရောက်ခွင့် ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား ကျောင်းအပ်ရမည်

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ကျောင်းစတင် တက်ရောက်မည့် ကျောင်းသား ကျောင်းသူများ အနေဖြင့် ဒီဇင်ဘာ ၃၀ ရက် နောက်ဆုံးထား ကျောင်းအပ်နှံရ မည် ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် သင်တန်းရေးရာ ဌာနမှ သိရသည်။


ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက်ရောက် သင်ကြားနေသည့် ၀ိဇ္ဇာသိပ္ပံ ဘာသာရပ်အလိုက် ထူးချွန်ကျောင်းသား ကျောင်းသူများ၏ ပထမနှစ်ဝက် စာမေးပွဲ စစ်ဆေးမှုများကို ၂၀၁၄ ခုနှစ် မတ် ၁၉ ရက်တွင် စတင်သွားမည်ဖြစ်ရာ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မီသူများကိုသာ စာမေးပွဲ ဖြေဆိုခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

''ကျောင်းစဖွင့်တာက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်ပါ။ စာမေးပွဲ စစ်ဆေးမှာက ၂၀၁၄ ခုနှစ် မတ် ၁၉ ရက် ဆိုတော့ ဒီကာလအတွင်း ကျောင်းခေါ်ချိန်က ရာခိုင်နှုန်း ၁၀၀ ရှိပါတယ်။ ဒါကြောင့် နောက်ဆုံးထား ကျောင်းအပ်နှံခွင့် ပြုတဲ့နေ့ကို ဒီဇင်ဘာ ၃၀ ရက် သတ်မှတ်ထားပါတယ်။ ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်း ပြည့်မှသာ စာမေးပွဲ ဖြေဆိုခွင့်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းလျော့လို့ မဖြစ်ပါဘူး'' ဟု ရန်ကုန်တက္ကသိုလ်၊ သင်တန်းရေးရာ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ်တွင် ယခုပညာသင်နှစ်အတွက် ကျောင်းလျှောက်ထားနိုင်မည့် ဒုတိယ အကြိမ်မြောက် ကျောင်းဝင်ခွင့် ခေါ်ယူမှုအား အဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်)၊ ရုံးချုပ်၊ သထုံလမ်း၊ ကမာရွတ် တက္ကသိုလ်နယ်မြေ၊ ရန်ကုန်မြို့သို့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် နောက်ဆုံးထား လျှောက်ထားခွင့်ပြုခဲ့ပြီး ကျောင်းဝင်ခွင့် ရရှိသူများ စာရင်းအား ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် ပညာရေး ၀န်ကြီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် ကြေညာခဲ့သည်။

ယင်းသို့ ထုတ်ပြန်ကြေညာရာတွင် မြန်မာစာ ၄၅ ဦး၊ အင်္ဂလိပ် ၃၉ ဦး၊ သင်္ချာ ၅၀ ဦး၊ ပထ၀ီ ၄၉ ဦး၊ သမိုင်း ၄၇ ဦး၊ ဒဿ နိက ၄၉ ဦး၊စိတ်ပညာ ၄၉ ဦး၊ ဥပဒေ ၄၁ ဦး၊ အရှေ့တိုင်းပညာ ၃၉ ဦး၊ နိုင်ငံတကာ ဆက်ဆံရေး ၄၉ ဦး၊ မနုဿဗေဒ ၃၂ ဦး၊ ရှေးဟောင်း သုတေသန ၄၉ ဦး၊ နိုင်ငံရေးသိပ္ပံ ၄၇ဦး၊ ဓာတုဗေဒ ၃၇ ဦး၊ ရူပဗေဒ ၄၇ ဦး၊ သတ္တဗေဒ ၄၆ ဦး၊ ရုက္ခဗေဒ ၄၉ ဦး၊ ဘူမိ ဗေဒ ၄၈ ဦး၊ ကုန်ထုတ် ဓာတုဗေဒ ၃၈ ဦး၊ ကွန်ပျူတာသိပ္ပံ ၃၆ ဦး တို့အား ထပ်မံဝင်ခွင့် ပြုခဲ့သည်။

Eleven Media Group

ရန်ကုန်တက္ကသိုလ်တွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်

0 comments:

Post a Comment