24.12.13

ကမ္ဘာ့ကျားကောင်ရေ ၃၀၀၀ ၀န်းကျင်ခန့်သာ ကျန်ရှိတော့ပြီး ၂၀၂၂ တွင် ကျားကောင်ရေ ၆၀၀၀ ခန့်သို့ တိုးတက်လာရေး ဆောင်ရွက်မည့် စီမံကိန်းများ စတင်

ကမ္ဘာ့ကျားကောင်ရေ ၃၀၀၀ ၀န်းကျင်ခန့်သာ ကျန်ရှိတော့ပြီး ၂၀၂၂ တွင် ကမ္ဘာပေါ်တွင် ကောင်ရေ ၆၀၀၀ ခန့်သို့ တိုးတက်လာရေး ဆောင်ရွက်မည့် စီမံကိန်းများ စတင်နေကြောင်း WWF International Greater Mekong Programme စီမံကိန်း အရာရှိဟောင်း ဦးတင်သန်းက ပြောကြားသည်။


ကမ္ဘာတစ်ဝန်း ၁၉၉၈ ခုနှစ်တွင် ကျားကောင်ရေ ၅၀၀၀ မှ ၇၀၀၀ အကြားရှိခဲ့ပြီး လက်ရှိတွင် ကောင်ရေ ၃၀၀၀ ခန့်အထိ ကျဆင်းလာခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ လက်ရှိကျန်ရှိနေသော ကျားအကောင်ရေ ၃၀၀၀ ခန့်မှ ၆၀၀၀ ခန့်သို့ တိုးတက်လာရန် ဆောင်ရွက်မည့် စီမံကိန်းတွင် မြန်မာနိုင်ငံလည်း ပါဝင်နေပြီး ထိုသို့ ကမ္ဘာ့ကျားကောင်ရေ တိုးတက်လာရေးအတွက် စီမံကိန်းများဖြင့် ဆောင်ရွက်လျက် ရှိသော်လည်း ပြန်လည် တိုးတက်လာမည့် အလားအလာ အလွန်နည်းပါးကြောင်း ဦးတင်သန်းက ဆိုသည်။

ကျားကောင်ရေ တိုးတက်လာရေး စီမံကိန်းတွင် မြန်မာနှင့် ထိုင်းနယ်စပ်တွင် တည်ရှိသည့် ဒေါနတနင်္သာရီ တောင်တန်းသည် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးတွင် သဘာဝ ကျားကောင်ရေ များပြားသည်ဟု ကမ္ဘာက အသိအမှတ် ပြုထားကြောင်းနှင့် ၁၀ နှစ်အတွင်း ကျားကောင်ရေ ၆၀၀၀ ဖြစ်လာရန် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတွင် အရေးပါသောနေရာ ဖြစ်နေသည်။

''တစ်နေ့ထက်တစ်နေ့ တောထဲက ကျားကောင်ရေ နည်းပါးလာတယ်၊ အဓိကတော့ တရုတ်ပြည်က ကျားရိုးကို ဆေးဖက်ဝင်ဆိုပြီး ယုံကြည်မှုနဲ့ လူတွေ လိုလားတဲ့ အာနိသင်မျိုးကို ရတယ်လို့ ထင်ယောင် ထင်မှားနဲ့ပေါ့။ ဆေးအမျိုးမျိုး ဖော်ပြီးရောင်းကြတော့ ဈေးပေးပြီး ၀ယ်ကြတယ်။ ကျားရဲ့ အရေပြားကလည်း မတန်တဆလှတယ်။ ကျားတစ်ကောင်ကို အနည်းဆုံး သိန်းတစ်ရာဝန်းကျင် လောက်ရတယ်။ ဒီကျားတွေကို ထိန်းသိမ်းဖို့ လိုအပ်တယ်။ ကျားကောင်ရေ ပြန်လည်တိုးပွား လာဖို့ကိုလည်း ကြိုးစားဖို့လိုတယ်။ ပြန်လည် တိုးတက်ဖို့ကတော့ အရမ်းနည်းတယ်'' ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံတွင် အင်ဒိုချိုင်းနားကျားနှင့် ဘင်္ဂလားကျား နှစ်မျိုးကို တွေ့ရှိနိုင်ပြီး ဟူးကောင်း ချိုင့်ဝှမ်းဒေသ၊ ထမံသီဘေးမဲ့တောနှင့် တနင်္သာရီတိုင်းတို့တွင် ကျားကောင်ရေ အများဆုံး တွေ့ရှိခဲ့ရသော်လည်း ယခုအခါ တနင်္သာရီတိုင်းတွင်သာ တွေ့ရှိနိုင်တော့မည်ဟု သားရိုင်းတိရစ္ဘာန် လေ့လာသူများက ခန့်မှန်းထားသည်။

Eleven Media Group

ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အတွင်း ပြသထားသော ကျားတစ်ကောင်အား တွေ့ရစဉ် (ဓာတ်ပုံ-နန်းစုနှင်းထွေး)

0 comments:

Post a Comment