2.1.14

မြန်မာနိုင်ငံကို ဖြတ်သွားသော တရုတ်နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတစ်လျှောက်ရှိ အချို့နေရာများတွင် လျော်ကြေးမရရှိခြင်းတို့ ရှိနေ

မြန်မာနိုင်ငံကို ဖြတ်သွားသော တရုတ်နိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်ရှိ အချို့နေရာများတွင် လျော်ကြေး မရရှိသည့် ပြဿနာများဖြစ်ပွားနေကြောင်း၊ ပိုက်လိုင်းစီမံကိန်းနှင့် ပတ်သက်၍ အစိုးရအနေနှင့် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုကို ပြသင့်ကြောင်း ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည့် ဖွံ့ဖြိုးမှုနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု ဆီသို့ ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲတွင် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဒေသခံတို့ က ပြောကြားသည်။


တရုတ်နိုင်ငံအစိုးရပိုင် ရေနံကော်ပိုရေးရှင်း (CNPC) မှ လုပ်ပိုင်ခွင့်ရရှိခဲ့သော ရေနံ နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်နေပြီဖြစ်သော်လည်း ပိုက်လိုင်း ဖြတ်သန်းရာမြို့နယ်အချို့တွင် မြေယာလျော်ကြေးမပေးသည့် ပြဿနာများ၊ ပေးသော်လည်း လျော်ကြေးပေးမှု မမျှတသော ပြဿနာများနှင့်အတူ ပိုက်လိုင်း၏ အန္တရာယ် ဖြစ်နိုင်ခြေ အနေအထားများနှင့် ပတ်သက်၍လည်း ပွင့်လင်းမြင်သာမှုအားနည်းသောကြောင့် ဒေသခံပြည်သူများတွင် စိုးရိမ်မှုများရှိကြောင်း၊ ပိုက်လမ်းဖြတ်သန်းရာ တစ်လျှောက်ရှိ လူနေအိမ်များရှိနေသည့်အတွက် ဒေသခံတို့က ပိုက်လိုင်းပေါက်ကွဲမည်ကို အမြဲတမ်းစိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“အစိုးရအနေနဲ့ ဒီပိုက်လိုင်းရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်းလင်း ပြောပြမထားတဲ့အခါမှာ သူတို့ဖင်အောက်က ထိုင်ထားတဲ့ ပိုက်လိုင်းကြီး ဘယ်တော့ထပွင့်မလဲ။ ကျွန်တော်တို့ဒေသမှာ ဒီပိုက်လိုင်းက ဆားတွင်းတွေ ကို ဖြတ်သွားတာ။ ဆားဆိုတာ ပိုက်လိုင်းကို တဖြည်းဖြည်းစားတာ။ အဲဒီပိုက်လိုင်းကြီးများ တဖြည်းဖြည်းပေါက်သွားရင် ဘယ်လိုများ လုပ်မလဲဆိုပြီး တွေးပူကြတာရှိပါတယ်။စိုးရိမ်တယ်။ စိုးရိမ်တော့ သံသယဖြစ်တယ်။ သံသယဖြစ်တော့ ကောလာဟလတွေက နေရာဝက်ယူလာတယ်။ ဒါဟာ ပွင့်လင်း မြင်သာမှုကို တောင်းဆိုနေတယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု အရှိုချင်းတစ်ဦးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှိန်ဝင်းက ပြောကြားသည်။

အလားတူ လျော်ကြေးမမျှတသည့်ပြဿနာများလည်းရှိကြောင်း၊ အချို့နေရာများတွင် သင့်တင့်လျောက်ပတ်သည့် ဈေးနှုန်းရရှိသော်လည်း အချို့နေရာများတွင် ရရှိမှုမရှိကြောင်းလည်း သိရသည်။
ပိုက်လိုင်း ဖြတ်သန်းရာဒေသများတွင် တရုတ်လယ်သမားများ သိန်း ၃၀၀ ရရှိသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မြန်မာလယ်သမားများ အများဆုံး တစ်ဧကသိန်း ၁၃၀ ရရှိပြီး အချို့မှာ ရှစ်သိန်းခန့်သာ ရရှိကြောင်း သိရသည်။

“တရုတ်လယ်သမားတွေဆိုရင် ဒီလို ပိုက်လိုင်းဖြတ်တဲ့အခါမှာ တစ်ဧကကို သိန်း ၃၀၀ ရတယ်လို့ သူတို့ကြားသိနေပါတယ်။ ဒါကြောင့် ငါတို့ကျတော့ ဘာလို့မရတာလဲလို့မြင်လာတယ်။ ဒီနေရာမှာလည်း ပွင့်လင်းမြင်သာမှုလိုပါတယ်။ကြားပွဲစားတွေကိုလည်း ဖယ်ရှားနိုင်ဖို့ လိုပါတယ်။ အခုကြားပွဲစားတွေ နေရာရနေပါတယ်။ ဆိုလိုတာက ကြားပွဲ စားတွေက ဥပမာ တစ်ဧကကို ၈၅ သိန်း တကယ်ရခဲ့ပြီး ၁၀ သိန်းသာ တောင်သူ လက်ထဲရောက်ခဲ့တယ်ဆိုရင် ၇၅ သိန်းက ကြားပွဲစား စားလိုက်တာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှိန်ဝင်းက ဆိုသည်။

“အမ်းတောင်ကြားရဲ့ အထက်ပိုင်းအရှို ချင်းတွေ နေထိုင်တဲ့နေရာမှာ ကျွန်တော်တို့က သက်ဆိုင်ရာ အင်ဂျီအိုအဖွဲ့တွေနဲ့အတူစောင့်ကြည့်ပါတယ်။ သာယာကုန်းအုပ်စု ဆုံကုန်းကျေးရွာမှာကတော့ ပိတောက်မြိုင်ရပ်ကွက်ဆိုတဲ့ ရပ်ကွက်တစ်ခု အိမ်ဝိုင်း ၁၈ ၀ိုင်းကို တရုတ်ပိုက်လိုင်း ဖြတ်သန်းသွားလာမှုကြောင့် အိမ်ဝိုင်းတွေ ဆုံးရှုံးရပါတယ်။ ကျွန်တော့အိမ်ဝိုင်းလည်း ဆုံးရှုံးရပါတယ်။ ဒါပေမယ့် လျော်ကြေးပေးတဲ့အခါ အိမ်ခြံမြေ ဈေးမပေးဘဲနဲ့ ယာမြေဈေးနဲ့ပဲပေးပါတယ်။ ယာတစ်ဧကကို ရှစ်သိန်းနှုန်းပဲ သတ်မှတ်ပါတယ်။ ကျွန်တော့်အိမ်ဝိုင်းက လေးပုံတစ်ပုံပဲ ပါသွားတဲ့အတွက်ဆိုပြီး ကျွန်တော့်ရဲ့ လျော်ကြေးက ၃၀၀၀၀ ကျော်လောက်ပဲရပါတယ်။ ဒီ ၃၀၀၀၀ ကျော်လောက်ကလေးနဲ့ ၀ိုင်းတစ်ဝိုင်းထပ်ဝယ်လို့ မရတော့ပါဘူး။ ထပ်ဝယ်လို့ မရတဲ့အတွက် ဒီဝိုင်းက ဆုံးရှုံးရပါတယ်” ဟု ဒေသခံတစ်ဦးဖြစ်သူ စလိုင်းဦးရွှေလေးက ပြောကြားသည်။ မြန်မာ- တရုတ်ရေနံပိုက်လိုင်းဖြတ်သန်းရာ ငဖဲမြို့နယ်အတွင်းဒေသခံ ၃၀၀ ကျော်တို့မှာလည်း မြေယာလျော်ကြေးများ မရှိသေးဟုသိရသည်။

Eleven Media Group

0 comments:

Post a Comment