3.1.14

ဖွဲ့စည်းပုံအခြေခံဥပဒေ အလိုမရှိဟု မလေးရှားရောက် မြန်မာများဆန္ဒပြ


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အလိုမရှိ၊ နိုင်ငံရေးအရ ဖိနှိပ်ထားသည့် ပုဒ်မများကို ဖျက်သိမ်းပေးရေး အပါအဝင် အချက်ငါးချက်ကို လုပ်ဆောင်ပေးရန် မလေးရှားနိုင်ငံရောက် မြန်မာ အဖွဲ့အစည်း ငါးခု ပူးပေါင်းကာ ဇန်နဝါရီလ ၃ ရက်နေ့က မလေးရှားနိုင်ငံဆိုင်ရာ မြန်မာ သံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် ၈၈ မျိုးဆက်နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းမှ မူဝါဒရေးရာ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးအောင်ကြီးက ပြောကြားသည်။


၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အလိုမရှိ၊ နိုင်ငံရေးအရ ဖိနှိပ်ထားသည့် ပုဒ်မများဖြစ်သည့် ပုဒ်မ ၁၈၊ ၅၀၅(ခ)၊ ၁၇(၁)၊ ၁၇(၂) ကို ဖျက်သိမ်းပေးရန်၊ နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရန်၊ အပစ်အခတ်ရပ်စဲရေး စသည့် အချက်ငါးချက်ကို ဆန္ဒပြ တောင်းဆို ခဲ့ကြကြောင်း ဆန္ဒပြခဲ့သူများ ထံမှ သိရှိရသည်။

"အခုရှိနေတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆန့်ကျင်တာပါ။ ပြင်မလား၊ အသစ်ဆွဲမလား လက်ခံတယ်။ ပြည်သူရဲ့သဘောပါ" ဟု ဆန္ဒပြခဲ့ တောင်းဆိုခဲ့သည့် တိုးတက်သော မွန်လူငယ်များ အစည်းအရုံး မှ တာဝန်ရှိသူ ဦးကောင်းနွန်က ဆိုသည်။

အဆိုပါ ဆန္ဒပြပွဲကိုလူဦးရေ အကန့်အသတ်မရှိ ခွင့်ပြုထားသော်လည်း မလေးရှား နိုင်ငံ၏ နိုင်ငံရေးအခြေအနေအရ လူငါးဦးသာ ဆန္ဒပြခွင့်ပြုရန် မလေးရှား ရဲတပ်ဖွဲ့က ဇန်နဝါရီလ ၂ရက်နေ့တွင် ခွင့်ပြုခဲ့ကြောင်း၊ တောင်းဆိုချက်များကို မြန်မာနိုင်ငံ သံရုံးသို့လည်း ပေးပို့ခဲ့ကြောင်း ဦးအောင်ကြီးက ပြောဆိုသည်။

ယင်းဆန္ဒပြမှုတွင် မလေးရှား အခြေစိုက် မြန်မာတိုင်းရင်းသားနှင့် နိုင်ငံရေး အဖွဲ့အစည်းများဖြစ်သည့် ချင်းအမျိုးသားတပ်ဦး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်၊ တိုးတက်သော မွန်လူငယ်များ အစည်းအရုံး၊ ဗမာ့ကြိုးပမ်းလူငယ်အဖွဲ့ ၈၈ မျိုးဆက် နှင့် မျိုးဆက်သစ် လူ့အဖွဲ့အစည်းတို့ ပါဝင်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment