22.1.14

ယိုးဒယား သင်ခန်းစာ

ယင်လတ် နဲ့ သက်ဆင်တို့ အုပ်စု စိုးမိုးမှုကို မခံလိုတဲ့ ထိုင်း အထက်တန်းလွှာ အများစုရဲ့ Bangkok Shutdown ဆန္ဒပြပွဲတွေမှာ ကျနော်တို့လို ဒီမိုကရေစီ လမ်းလျှောက်သင်စ နိုင်ငံတစ်ခုအတွက် ယူတတ်ရင် သင်ခန်းစာများစွာ ရနိုင်ပါတယ်။


Bangkok Shutdown ဟာ ဒီမိုကရေစီရဲ့ ကျောရိုးအချက်တစ်ခုဖြစ်တဲ့ လူများစုဆန္ဒသည်သာ အနိုင် ဆိုတာကို စိန်ခေါ်မှု တစ်ခုလဲ ဖြစ်နေပါတယ်။ ယင်လတ်တို့ အုပ်စုဟာ ပြည်သူအများစုရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အစိုးရဖြစ်ခဲ့တာပါ။ ဒါပေမယ့် ဒါကို ခါးခါးသီးသီး ဖြစ်နေတဲ့ အုပ်စုတွေက အကွက်ကောင်းချောင်းနေခဲ့ရာမှာ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို အကြောင်းပြပြီး ဆန္ဒပြမှုတွေကို ဖော်ဆောင်ခဲ့ပါတယ်။

ဆန္ဒပြသူတွေဟာ ဘန်ကောက်ရဲ့ အချက်ချာနေရာတွေကို စီးနင်းပိတ်ဆို့ဖို့ အားထုတ်ပါတယ်။ ဒီလူတွေဟာ ထိုင်းပြည်သူလူထု အလုံးစုံကို ကိုယ်စားမပြုနိုင်ပေမယ့် အရေအတွက်ကတော့ သိန်းဂဏန်းပါ။ နိုင်ငံရဲ့ စီးပွားရေးအညှာနေရာတွေကို ၀င်ရောက်စီးနင်းလိုက်ရင် ထိုင်းနိုင်ငံစီးပွားရေး အသက်ရှုကြပ်သွားမှာ သေချာသလောက်ပါပဲ။ ဒီလူတွေကို ဘယ်လိုလုပ်မလဲ။

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ် ဆိုသလိုပဲ ဒီကိစ္စဟာ သက်ဆိုင်သူတွေကို အကျပ်ရိုက်စေပါတယ်။ ဆန္ဒပြသူတွေတောင်းဆိုတဲ့ ယင်လတ်အစိုးရကို ဖျက်သိမ်းပီး သူတို့ဆီကို အာဏာအပ်လိုက်ပြန်ရင်လဲ ယင်လတ်ကို ထောက်ခံသူတွေက ဒီလိုပဲ တစခန်းထလာကြဦးမှာပါ။ သူတို့ကလဲ ဒီလိုပဲ ဘန်ကောက်ကို ပိတ်ကြ ဆို့ကြ အကျပ်ရိုက်စေကြဦးမှာ ဖြစ်ပါတယ်။

လက်ရှိဆန္ဒပြသူတွေရဲ့ စီးနင်းပိတ်ဆို့မှုတွေကို ဖြိုခွဲဖို့ စစ်တပ်ကလည်း လက်ရှောင်ချင်ပါတယ်။ ထိုင်းစစ်တပ်အပေါ်မှာ ယင်လတ်အုပ်စုရဲ့ သြဇာလွှမ်းမိုးနိုင်စွမ်းနည်းတာကလဲ အကြောင်းတစ်ရပ်အနေနဲ့ ပါဝင်ကောင်း ပါဝင်နိုင်ပေမယ့် ယင်လတ်ကိုယ်တိုင်ကလည်း သူတို့အဖွဲ့ကို နာမည်ဆိုးတွင်စေလိုစိတ် မရှိတဲ့အတွက် အင်အားသုံးဖြေရှင်မယ့်လမ်းကို ရွေးချင်ပုံမရပါဘူး။

ဒီလိုနဲ့ အားလုံးက သမိုင်းတရားခံမဖြစ်အောင် လက်ရှောင်နေတဲ့အချိန်မှာ နိုင်ငံဟာဖြင့် အကျဉ်းအကျပ်ထဲကို ဦးတည်နေပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေးလည်ပတ်မှုတွေကို ထိခိုက်လာပြီလဲ ဖြစ်ပါတယ်။

ဒီလိုအခြေနေတွေမှာ စင်ကာပူခေါင်းဆောင် လီရှန်လွန်းပြောခဲ့တဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်။ စင်ကာပူ လေကြောင်းအလုပ်သမားတွေ ဆန္ဒပြစဉ်က ပြောခဲ့တာလို့ ဖတ်ဖူးခဲ့ရပါတယ်။ သူပြောခဲ့တာကတော့

'' ခင်ဗျားတို့ကို မထိခိုက်စေချင်ဘူး။ ဒါပေမယ့် စင်ကာပူကို ထိခိုက်လာစေမယ့် အဖြစ်မျိုးကိုတော့ ကျနော်လုံးဝလက်ခံမှာ မဟုတ်ဘူး''
ဆိုတာပါပဲ။

တကယ်တမ်းတော့ ဆန္ဒထုတ်ဖော်ခြင်းဟာ လူသားတိုင်းဆီရဲ့ ရသင့်တဲ့ ကိုယ့်အခွင့်ရေးပါပဲ။ ဒါပေမယ့် ကိုယ့်အခွင့်ရေးကို ရယူခြင်းကြောင့် တပါးသူ နဲ့ နိုင်ငံတော် မထိခိုက်ဖို့လိုတယ် ဆိုတာ ကောင်းကောင်းကြီး သဘောပေါက်ထားဖို့လိုပါလိမ့်မယ်။


ကွန်းဇော် အညာမြေ
စာကြွင်း ။ ။ လူ(တွေ) ဆန္ဒထုတ်ဖော်ခြင်းကြောင့် ကျန်ပြည်သူများနဲ့ နိုင်ငံတော်အတွက် ထိခိုက်နစ်နာလာမယ့် ကိစ္စများကို ယိုးဒယား ဥပမာယူပြီး ပုဒ်မ (၁၈) ဖျက်၊ ပြင် ကိစ္စမှာ အဓိက ထည့်သွင်းစဉ်းစားပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ကွန်းဇော် အညာမြေ

0 comments:

Post a Comment