22.1.14

KIA မှ အင်းတော်ကြီး ဒေသခံများအား ဆက်ကြေးအဖြစ် ဘိလပ်မြေနှင့် ထုံးအိတ်များ တောင်းခံ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီး ဒေသရှိ ကျေးရွာများမှ စီးပွားရေး လုပ်ငန်းရှင်နှင့် ဈေးသည်များအား ဇန်န၀ါရီ ၂၀ ရက်နေ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် ( KIA ) မှ ခေါ်ယူတွေ့ဆုံ၍ ဆက်ကြေးအဖြစ် ဘိလပ်မြေနှင့် ထုံးအိတ်များ တောင်းခံခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။


“ လွန်ခဲ့တဲ့ ၂ ရက်လောက်က KIA ခေါင်းဆောင်တစ်ယောက် ဆင့်ခေါ်လို့ ရွာထဲက စီးပွားရေးတောင့်တဲ့သူတွေ သွားတာ တော့ သိတယ်၊ ထုံးစံအတိုင်း ဆက်ကြေးတောင်းတာပဲနေမှာပါ၊ ပြန်ကြားတာက ပေးမယ့် ဆက်ကြေး ငွေအစား ဘိလပ်မြေနဲ့ ထုံးအိတ်တွေဝယ်ပေးခိုင်းတယ်လို့ သိရတယ် ” ဟု ညောင်ပင်ရွာသားတစ်ဦးက ပြောသည်။

KIA မှ ဆင့်ခေါ်မှုကြောင့် သွားရောက်တွေ့ဆုံခဲ့ရသော စီးပွားရေးလုပ်ငန်းရှင် နှင့် ဈေးသည်များမှာ ညောင်ပင် ကျေးရွာ၊ မပြင်ကျေးရွာ၊ မိုင်းနောင်ကျေးရွာ၊ နန့်မွန်းကျေးရွာ၊ ညောင်ထောက်ကျေးရွာ ၊ လောခုတ်ကျေးရွာနှင့် မံကင်း ကျေးရွာများမှ ဖြစ်ကြောင်း သိရသည်။

“ တစ်ယောက်ကို ဘိလပ်မြေ ၁၀ အိတ်နဲ့ ထုံး ၅ အိတ် တောင်းတယ်၊ ဒီလကုန်နောက်ဆုံး သွားသွင်းရမှာပါ ” ဟု အမည်မဖော်လိုသူ ဈေးဆိုင် ပိုင်ရှင် တစ်ဦးက ပြောသွားသည်။

မိုးညှင်းမြို့ခံ တစ်ဦးက “ ဘိလပ်မြေနဲ့ ထုံးအိတ်တောင်းတယ်ဆိုမှတော့ အဆောက်အဦး ဆောက်ဖို့ပဲဖြစ် မှာပေါ့၊ မံကင်းရွာက အသိတစ်ယောက် လှမ်းပြောတာကတော့ KIA ခေါင်းဆောင်က ခေါ်တွေ့ပြီး ပစ်ကျင်းတွေ ဘန်ကာတွေဆောက်ဖို့အတွက် ဘိလပ်မြေနဲ့ ထုံးအိတ်တွေ တောင်းတာလို့ ပြောလိုက်တယ်လို့ သိရတယ် ” ဟု ပြောကြားသွားခဲ့သည်။

အယ်လ်နော်ဆိုင်း
Kachin Daily News

0 comments:

Post a Comment