2.3.14

ယခင်အစိုးရ ကိုယ်တိုင်ရေးဖွဲ့စည်းပုံကြီးကို လုံးဝအလိုမရှိဟုအင်းယားဆန္ဒထုတ်ဖော်သူတို့ဆို



2/3/2014

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ယခင်အစိုးရက၎င်းတို့အာဏာရရှိရေးအတွက် ရေးဆွဲထားခြင်း ဖြစ်သည့်အတွက် လက်ရှိအစိုးရကို လုံးဝ အလိုမရှိဟု မတ်လ ၂ရက်နေ့ကပြုလုပ်သည့် အင်းယားကန်ဘောင် ဆန္ဒထုတ်ဖော်ပွဲ၌ ဆန္ဒထုတ်ဖော်သူများက ပြောဆိုကြသည်။

မတ်လ ၂ရက်နေ့ နေ့လည် ၁နာရီတွင် ရန်ကုန်မြို့ ပါရမီလမ်းထောင့်နှင့်အင်းစိန်လမ်းထောင့်မှ အင်းယားကန် ဘောင်အထိ အရပ်ဘက် လူ့အဖွဲ့အစည်းများမှပြည်သူ(၂၀၀)၀န်းကျင်မှ စီတန်း လှည့်လည်ခဲ့ကြသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆန္ဒထုတ် ဖော်ပွဲ၌ ယခုကဲ့သို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် ဖွဲစည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအတွက်ဖြစ်ပြီး အခြားမျှော်လင့်ချက်မရှိဟု ဆန္ဒထုတ်ဖော်သူတို့က ဆိုသည်။

“သူကိုယ်တိုင် သမ္မတဖြစ်ဖို့ သူကိုယ်တိုင် ခေါင်းဆောင်ဖြစ်ဖို့ သူကိုယ်တိုင် အာဏာရှင်ဖြစ်ဖို့ သူကိုယ်တိုင်ရေးစွဲ ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို လုံးဝ အလိုမရှိပါဘူး။ လက်ရှိဖြစ်ပေါ်နေတဲ့ မျက်စိဆွေစောင်း ခြေထောက် ကျိုးပဲ့ အစိုးရကြီး ကိုလည်း လုံးဝအလိုမရှိပါဘူး”ဟု ဆန္ဒဖော်ထုတ်ပွဲ၌ ဦးဆောင်ပါဝင်သူ ကဗျာချစ်သူများအသင်းမှကိုဆောင်းခ ဆန္ဒထုတ်ဖော်ပွဲ၌ ပြောကြားလိုက်ခြင်းဖြစ်သည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲ၌ အရပ်ဘက်လူ့အဖွဲ့အစည်းမှ ပုဂ္ဂိုလ်များကဗီနိုင်းများကိုင်ဆောင်ကာ ပုဒ်မ ၄၃၆ အလိုမရှိ၊ ပုဒ်မ ၅၉(ဃ) အလိုမရှိ၊၅၉(စ)- အလိုမရှိဟု ဆိုကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒထုတ်ဖော်ပွဲအား Peace Machine Group မှ ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အခြားအရပ်ဘက် အဖွဲ့အစည်းများ မှလည်း ပူးပေါင်းပါဝင်ခဲ့သည့်အပြင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များကလည်း လမ်းကြောင်း တစ်လျောက်လိုက်လံ၍ လုံခြုံရေးဆောင်ရွက်ပေးခဲ့သည်။

ဆန္ဒထုတ်ဖော်ရာတွင်လိုက်ပါ၍ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သည့် လှိုင်မြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက နိုင်ငံသားတိုင်းဥပဒေဘောင်အတွင်းမှ ရပ်တည်ပါက ၎င်းတို့အနေဖြင့် ပူးပေါင်းပါဝင်သွားမည်ဟု၎င်းက ယခုကဲ့သို့ဆိုသည်။

“သူတို့ ခွင့်ပြုမိန့်တင်ပြီး ပြတာပါ။ တရားဝင်ဖြစ်တော့ ဒီနေရာကလမ်းကြပ်တဲ့နေရာဖြစ်တဲ့အတွက် လမ်းသွား လမ်းလာနဲ့ ကားပိတ်တာတွေမဖြစ်ဖို့လိုက်ပါဆောင်ရွက်တာပါ”ဟု အဆိုပါလှိုင်ရဲစခန်းမှတာဝန်ကျရဲဝန်ထမ်းကပြောသည်။

လက်ရှိတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်တွင်းဒီမိုကရေစီအင်အားစုများမှ လှုပ်ရှားဆောင်ရွက် လျက်ရှိပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်သည့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း တို့မှ ပူးပေါင်း၍ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်များ ထုတ်ပြန်ထားသည်။

ထို့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်လျှက်ရှိပြီးအချို့အဖွဲ့အစည်းများမှလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာကိစ္စရပ်များအပေါ်၌ ကန့်ကွက်မှုများလည်းရှိနေသည်။

မြစ်မခ

0 comments:

Post a Comment