2.3.14

အင်းယားကန်ဘေးလမ်းပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားသည့် ယာဉ်များကို ကရိန်းဖြင့်ဆွဲ အရေးယူတော့မည်

၂.၃.၂၀၁၄၊ တနင်္ဂနွေနေ့

  ရန်ကုန်မြို့၊ ပြည်လမ်းရှိ အင်းယားကန်အနီးတွင် အပန်းဖြေရန် လာရောက်သည့်ယာဉ်များ စည်းကမ်းမဲ့ရပ်နားခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားသဖြင့် ကရိန်းယာဉ်ဖြင့် ဖယ်ရှားသွားမည်ဖြစ်မည်ဟု အမှတ်၂
ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယရဲမှူးကြီး ဦးလင်းထွဋ်က ဖေဖော်ဝါရီ ၂၈ရက်က ပြောသည်။

အဆိုပါနေရာတွင် ယာဉ်များမရပ်နားရန် ညွန်ကြားထားသော်လည်း လိုက်နာမှုမရှိသဖြင့် ယာဉ်ထိန်းရဲ၊ နယ်မြေခံရဲနှင့် စည်ပင်ရဲတို့ပူးပေါင်းကာ ကရိန်းယာဉ်ဖြင့် ဖယ်ရှားအရေးယူသွားမည်ဖြစ်သည်။

"ညပိုင်းမှာ ယာဉ်ကြောပိတ်ဆို့တာ ပိုဆိုးတယ်။ အများပြည်သူနေရာ ဖြစ်တဲ့အတွက်ကြာသွားရင် ရှင်းရခက်တယ်။ စည်းကမ်းလိုက်နာမှုမရှိတဲ့ ယာဉ်တွေကို ကရိန်းယာဉ်နဲ့ဆွဲသွားမယ်"ဟု ရဲအုပ်ဝင်းလွင်က ပြောသည်။

ရန်ကုန်ပြည်လမ်းရှိ အင်းလျားကန်ဘောင်သို့ လာရောက်အပန်းဖြေသည့် ယာဉ်ငယ်အများစုသည် ညပိုင်းတွင် ထိုလမ်းပေါ်၌ပင် တန်းစီရပ်လေ့ရှိသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားရသည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့က ဆိုသည်။

ဦးလင်းထွဋ်ကလည်း "အင်းယားကန်ဘောင်မှာ အပန်းဖြေဖို့လာတာမှန်ပေမဲ့ စည်ကမ်းမဲ့ယာဉ်ရပ်နားသူတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပေါ်တယ်။ အများပြည်သူစိတ်အနှောက်အယှက်ဖြစ်ရတယ်"ဟု ပြောသည်။

ယာဉ်မရပ်ရ သတ်မှတ်ထားသည့် လမ်းများတွင် ပြည်လမ်းပါဝင်ခဲ့သော်လည်း အင်းယားကန်ဘောင်အနီး ယာဉ်နားထားသည့်ယာဉ်များကို ဖမ်းဆီခြင်း မပြုလုပ်ခဲ့ပေ။ ထို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ညတိုင်းဖြစ်ပေါ်နေသည့် အတွက် စည်းကမ်းမဲ့ယာဉ်များကို ဖမ်းဆီးအရေးယူတော့မည်ဖြစ်သည်။

ယာဉ်မရပ်ရသတ်မှတ်ထားသည့် လမ်းများတွင် စည်းကမ်းမဲ့ယာဉ်ရပ်နားပါက ဖမ်းဆီးမှုနှစ်မျိုးရှိပြီး ယင်းတို့မှာ ချလန်ဖြတ် အရေးယူခြင်းနှင့် ကရိန်းယာဉ်ဖြင့် သယ်ဆောင်အရေးယူခြင်းတို့ဖြစ်သည်။ ယာဉ်မရပ်ရ သတ်မှတ်နေရာတွင် ရပ်ပါက ကရိန်းဖြင့် ဖမ်းဆီးမည်ဟု ကြောငြာထားသည့် ၃လတာကာလအတွင်း ချလန်ဖြတ်အရေးယူသည့် ယာဉ်၄၀၃၄စီးနှင့် ကရိန်းဖြင့် သယ်ဆောင်သည့်ယာဉ် ၁၁၉၀စီးရှိသည်။
Mizzima - News in Burmese

0 comments:

Post a Comment