22.9.14

၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် ထူးချွန်ဆရာဆု ချီးမြှင့်မည်


ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ခြင်း အစီအစဉ်ကို ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

၎င်းအစီအစဉ်ကို အခြေခံပညာ ဆရာ၊ ဆရာမများ သင်ကြားမှုအရည်အသွေး မြင့်မားစေရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ပြုလုပ်ခြင်းဖြစ်ပြီး  တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အတွက် ထက်/လယ် /မူပြ ရာထူး တစ်ဆင့်လျှင် ပထမဆု ကျပ် ၅ သိန်း၊ ဒုတိယဆု ကျပ် ၃ သိန်းနှင့် တတိယဆု ကျပ် ၂ သိန်းစီအား လည်းကောင်း၊ ဗဟိုအဆင့်အတွက် ထက်/လယ်/မူပြ ရာထူးတစ်ဆင့်လျှင် ပထမဆု ကျပ်သိန်း ၄၀၊ ဒုတိယဆု ကျပ်သိန်း ၂၀ နှင့် တတိယဆု ကျပ် ၁၀ သိန်း အသီးသီးဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။ ဗဟိုအဆင့်သို့ လာရောက်ယှဉ်ပြိုင်မည့် ထူးချွန်ဆရာ ၅၄ ဦး၏ ကုန်ကျစရိတ်ကို ဗဟိုမှ ချီးမြှင့်မည်ဖြစ်သည်။

အဆင့်အလိုက် ရွေးချယ်ခြင်းအစီအစဉ်ကို ကျောင်းအဆင့်အား အောက်တိုဘာလ ၁၄ ရက်တွင်လည်းကောင်း၊ မြို့နယ်အဆင့်အား  အောက်တိုဘာလ ၃၀ ရက်တွင်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်အား နိုဝင်ဘာလ ၂၁ ရက်တွင်လည်းကောင်း၊ ဗဟိုအဆင့်အား ဒီဇင်ဘာလ ၂၂ ရက်တွင်လည်းကောင်း ပြုလုပ်သွားမည် ဖြစ်သည်။

မြို့နယ်အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်တို့တွင် ရေးဖြေ၊ နှုတ်ဖြေများကို ပြုလုပ်ရမည်ဖြစ်ပြီး ဗဟိုအဆင့်တွင် ရေးဖြေ၊ နှုတ်ဖြေအပြင် လက်တွေ့သင်ကြားပြသမှုများကိုပါ ပြုလုပ်ရမည်ဖြစ်သည်။ ရေးဖြေ စစ်ဆေးမှုများကို သတ်မှတ်ထားသောရက်များ၏ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိလည်းကောင်း၊ လူတွေ့နှုတ်ဖြေကို အဆိုပါနေ့ မွန်းလွဲ ၁ နာရီမှ စတင်ကာဖြေဆိုရမည်ဖြစ်သည်။ ဆုရွေးချယ်ချီးမြှင့်ခြင်းနှင့် စပ်လျဉ်းသည့် အသေးစိတ် လုပ်ငန်းအစီအစဉ်ကို သက်ဆိုင်ရာ ဦးစီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်/မြို့နယ် ပညာရေးဌာနများသို့ ဆက်လက်ပေးပို့မည်ဖြစ်ပြီး ထပ်မံသိရှိလိုသော အချက်အလက်များအား ထူးချွန်ဆရာဆု ရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီ (ပညာတန်ဆောင်အဖွဲ့) ဖုန်း-၅၃၉၇၃၈ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။

Internet Journal

0 comments:

Post a Comment