11.9.14

ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် စမတ်ဖုန်း ဝယ်လိုအား ဆက်လက်မြင့်တက် လျက်ရှိနေ


ကာတာ ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo Myanmar ၏ ဆင်းမ်ကတ်နှင့် မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုများ စတင်ရောင်းချပြီး တစ်လခန့်အကြာတွင် ၁၅၀၀ ကျပ်တန် MPT ဆင်းမ်ကတ်များ ဈေးကွက်အတွင်း စတင် ရောင်းချခဲ့ခြင်းကြောင့် ပြည်တွင်းမိုဘိုင်းဖုန်း ဈေးကွက်တွင် စမတ်ဖုန်း ဝယ်လိုအားများ ဆက်တိုက်မြင့်တက် လျက်ရှိနေကြောင်း စုံစမ်းသိရသည်။

ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်၌ စမတ်ဖုန်း ဝယ်လိုအားသည် ၂၀၁၄၊ သြဂုတ်လ ၂ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ မြင့်တက်လာခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်နှင့် မန္တလေးမြို့အခြေစိုက် မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ စုံစမ်းသိရသည်။

ထို့နောက် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က ၁၅၀၀ ကျပ်တန် ဆင်းမ်ကတ်များကို ယခုလ ၁ ရက်နေ့မှစတင်ရောင်းချပြီး ရက်သတ္တပတ်အတွင်း ရန်ကုန်မြို့၏ စမတ်ဖုန်းဝယ်လိုအားသည် အရောင်းဆိုင်အချို့၌ အချို့အမှတ်တံဆိပ် မိုဘိုင်းဖုန်းထုတ်ကုန်များ ပစ္စည်းပြတ်လပ်လု နီးပါးအထိ ရောင်းအားရှိခဲ့ကြောင်း ရန်ကုန်အခြေစိုက် မိုဘိုင်းဖုန်း အရောင်းဆိုင်များမှ သိရသည်။

“စမတ်ဖုန်းတွေရဲ့ ရောင်းအားက ပိုပြီးတော့သွက်လာတယ်။ Ooredoo ဆင်းမ်ကတ်တွေ စရောင်းတဲ့ အချိန်ကစပြီးတော့ တက်လာတဲ့ စမတ်ဖုန်းဝယ်လိုအားက MPT ကတ်တွေ စထွက်တဲ့နေ့ကနေ အခုထိပါပဲ။ အခုဆိုရင် ပြည်တွင်းဝယ်လိုအား က တဖြည်းဖြည်းတက်လာပြီ။ ဒါပေမယ့် ဟန်းဆက်လိုအပ်တဲ့သူတိုင်းက မဝယ်နိုင်သေးပါဘူး"ဟု Mr.Fone မိုဘိုင်းဖုန်း ဝန်ဆောင်မှုနှင့် အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းစမတ်ဖုန်း ဈေးကွက်တွင် ဝယ်လိုအားသည် မြို့ကြီးများ၌သာ မြင့်တက်နေခြင်းမဟုတ်ပဲ နယ်မြို့များတွင်လည်း အလားတူ ဝယ်ယူသူများ ပိုမိုများပြားနေကြောင်း စုံစမ်းသိရသည်။ ထို့အပြင် ကျေးလက်ဒေသများတွင် နေထိုင်သည့် ဒေသခံများသည်လည်း နယ်မြို့များသို့ တက်ရောက်၍ မိုဘိုင်းဟန်းဆက်များကို ဝယ်ယူလာကြခြင်းကြောင့် တောရွာများ၏ မိုဘိုင်းဖုန်း သုံးစွဲမှုသည်လည်း အနည်းငယ် တိုးတက်လာကြောင်း နယ်မြို့အချို့တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းဖုန်းဈေးကွက်မှ စုံစမ်းသိရသည်။

“တောင်သူတွေ၊ ကျေးလက်မှာနေတဲ့ ဒေသခံတွေ မြို့တက်ပြီး ဖုန်းတွေဝယ်လာကြတယ်။ ဒါပေမယ့် ကျေးလက်ဒေသမှာ နေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် နယ်မြို့လေးတွေက မိုဘိုင်းဈေးကွက်မှာတော့ စမတ်ဖုန်းရောင်းအားက သိပ်မကြီးပါဘူး။ ဈေးသက်သာပြီး ဘာ Feature မှ မပါဝင်တဲ့ ခလုတ်ဖုန်းတွေက ပိုပြီးအရောင်းအဝယ် ဖြစ်နေပါတယ်"ဟု စစ်ကိုင်းမြို့အတွင်းရှိ  မိုဘိုင်းဖုန်း အရောင်းဆိုင်တစ်ဆိုင်မှ ဆိုင်တာဝန်ခံတစ်ဦးက ပြောကြားသည်။

ပြည်တွင်း မိုဘိုင်းဖုန်း ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် Huawei အမှတ်တံဆိပ် မိုဘိုင်းထုတ်ကုန်များက ဈေးကွက်ဝေစု အများဆုံးကို ရယူထားပြီး Samsung နှင့် Apple အမှတ်တံဆိပ် မိုဘိုင်းဖုန်းများသည် ဒုတိယနှင့် တတိယနေရာများမှ ရပ်တည်နေပြီး ယင်းအမှတ်တံဆိပ် ထုတ်ကုန်နှစ်ခုသည် ရန်ကုန်၊ မန္တလေးမြို့များတွင် ဝယ်လိုအားပိုမို ရှိနေကြောင်းသိရ သည်။

Internet Journal

0 comments:

Post a Comment