7.10.14

အကြမ်းဖက်သမားများ၏ နောက်ဆုံးခံတပ် ဆိုမာလီနှင့်ညွန့်ပေါင်းတပ်ဖွဲ့များ သိမ်းပိုက်


အယ်လ်ရှာဘတ် (Al Shabaab) အကြမ်းဖက်တွေရဲ့ နောက်ဆုံးခံတပ်မြို့ဖြစ်တဲ့ ဘရာဝီ(Barawe)မြို့ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့က ဆိုမာလီစစ်တပ်နဲ့ အာဖရိကညွန့်ပေါင်း တပ်ဖွဲ့ဝင်တွေ သိမ်းပိုက်ခဲ့ကြပြီး အောက်တိုဘာ ၆ ရက်နေ့မှာ ကင်းလှည့်ခဲ့ကြတယ်။
ဘရာဝီမြို့ဟာ အယ်လ်ရှာဘတ် အကြမ်းဖက်တွေရဲ့ လက်နက်နဲ့ ရိက္ခာ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုတွေကို ဒီမြို့ကနေ လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။

ဘရာဝီမြို့ဟာ ဆိုမာလီအစိုးရက ထိန်းချုပ်မှုလက်အောက်က လွတ်နေခဲ့တာ လွန်ခဲ့တဲ့ ၂၃ နှစ်ကတည်းက ဆိုပါတယ်။

ပြီးခဲ့တဲ့လက အယ်လ် ရှာဘတ် အကြမ်းဖက်ခေါင်းဆောင် အာမက် အဘ်ဒီ ဂိုဒိန်း (Ahmed Abdi Godane) အမေရိကန်လေကြောင်း ပစ်ခတ်မှုမှာ သေဆုံးသွားပြီးနောက်ပိုင်း မြို့ကို အခုအခံ သိပ်မရှိဘဲ  သိမ်းပိုက်နိုင်ခဲ့တာလို့ အာဖရိကတပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ကတည်းက အယ်လ် ရှာဘတ်အကြမ်းဖက်တွေ မြို့ကနေ ထွက်ခွာနေကြတာလို့ မြို့ခံတွေက ပြောပါတယ်။

ဒါပေမယ့် အယ်လ်ရှာဘတ်အကြမ်းဖက်တွေဟာ တခြားနယ်မြေအမြောက်အမြားကို ထိန်းချုပ်ထားကြပြီး ထိုးစစ်တွေကို အခုလို မဟာဗျူဟာအရ ဆုတ်ပေးလေ့ ရှိတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

မြို့ကျဆုံးမှုဟာ အကြမ်းဖက်တွေရဲ့ ကျဆုံးခန်းဆိုတဲ့ သုံးသပ်မှုတွေကို တချို့ နိုင်ငံရေးလေ့လာသူတွေက သံသယဖြစ်ကြတာလည်း ရှိပါတယ်။

အယ်လ် ရှာဘတ် အကြမ်းဖက်အဖွဲ့မှာ တပ်ဖွဲ့ဝင် အနည်းဆုံး ၅၀၀၀ ရှိပြီး ဘရာဝီမြို့ကို ၆ နှစ်ကျော်ကြာ ထိန်းချုပ်ခဲ့ပါတယ်။

DVB

0 comments:

Post a Comment