3.10.14

အီရတ်တွင် IS ပစ်မှတ်များကို အမေရိကန်နှင့် ပူးပေါင်း တိုက်ခိုက်မည်ဟု ဩစတြေးလျ အတည်ပြု


အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ တပ်ဖွဲ့များကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးတွင် ပါဝင်မည်ဖြစ်ကြောင်း ဩစတြေးလျ အစိုးရအဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က IS အဖွဲ့သည် တစ်ကမ္ဘာလုံးကို စစ်ကြေညာထားသည့် အယူအဆဆိုး တစ်ရပ်ကို ကိုင်ဆွဲထားသူများဖြစ်ပြီး ၎င်းတို့ကို ရပ်တန့်တားဆီးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

IS အဖွဲ့သည် လတ်တလောတွင် ဆီးရီးယားနှင့် အီရတ်မှ နယ်မြေအချို့ကို သိမ်းပိုက်ပြီး အစ္စလာမ်မစ် နိုင်ငံတော်အဖြစ် (ကမ္ဘာက အသိအမှတ်မပြုဘဲ) ကြေညာ ထူထောင်ထားသည်။

အမေရိကန်နှင့် အာရပ်မဟာမိတ် နိုင်ငံများသည် IS စစ်သွေးကြွ ပစ်မှတ်များကို ဆီးရီးယားနှင့် အီရတ်တို့တွင် ပြင်းပြင်းထန်ထန် ဗုံးကြဲတိုက်ခိုက်နေပြီး ဥရောပ မဟာမိတ် နိုင်ငံအချို့ကမူ အီရတ်တွင်သာ လေကြောင်းထိုးစစ် ဆင်နွှဲနေသည်။ ဩစတြေးလျ တိုက်လေယာဉ်များသည်လည်း အီရတ်ရှိ IS ပစ်မှတ်များကိုသာ တိုက်ခိုက်သွားမည် ဖြစ်သည်။

IS တပ်ဖွဲ့ကို တိုက်ခိုက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး “ဩစတြေးလျ အစိုးရဟာ ဒီကိစ္စကို လွယ်လွယ်ကူကူ ဆုံးဖြတ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ အီရတ်နိုင်ငံ တစ်ခုတည်း ISကို တုံ့ပြန် တိုက်ခိုက်နေဖို့ မဖြစ်သင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု ဆိုသည်။

၎င်းက “ဒါဟာ ထိုးစစ်ဆင်နွှဲမှု တစ်ရပ်ပါ။ တစ်ဖက်မှာ ဩစတြေးလျ အထူးတပ်ဖွဲ့ဝင် တချို့က အီရတ်စစ်တပ်ကို အကြံဉာဏ်တွေ ပေးသွားမှာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ဝန်ကြီးချုပ်သည် အီရတ်တွင် IS တပ်ဖွဲ့များကို လေကြောင်းမှ တိုက်ခိုက်မည် ဖြစ်သော်လည်း ဆီးရီးယား၌ပါ ထိုးစစ်ဆင်ရန် အစီအစဉ် ရှိမရှိကိုမူ ပြောကြားမသွားခဲ့ချေ။

_Ref: BBC

0 comments:

Post a Comment