9.12.14

ဟာဂူပစ် မုန်တိုင်းအလွန် ရှင်းလင်းမှုများ ဖိလစ်ပိုင်တွင် စတင်လုပ်ဆောင်နေ

ဖိလစ်ပိုင် နိုင်ငံတွင် လူပေါင်း ၂၇ ဦးထက်မနည်း သေဆုံးခဲ့သည့် ဟာဂူပစ်မုန်တိုင်း တိုက်ခတ်မှုအပြီး ရှင်းလင်းရေး လုပ်ငန်းများ စတင်နေပြီဟု သတင်းရရှိသည်။

တိုင်ဖွန်းအဆင့်မှ အပူပိုင်း မုန်တိုင်းအဆင့်ထိ လျော့ကျအားနည်းသွားပြီဖြစ်သည့် ဟာဂူပစ် မုန်တိုင်းသည် ဖိလစ်ပိုင်၏ မြို့တော် မနီလာကို ပြင်းပြင်းထန်ထန် ထိခိုက်သက်ရောက်မှုမျိုး မဖြစ်ပေါ်စေခဲ့ဟုလည်း ကြက်ခြေနီ တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဖိလစ်ပိုင် အရှေ့ပိုင်း ဆာမားကျွန်းကို ဝင်ရောက်တိုက်ခတ်ချိန်တွင် ဟာဂူပစ် မုန်တိုင်း၏ ပြင်းထန်မှုသည် လေတိုက်နှုန်း တစ်နာရီလျှင် ကီလိုမီတာ (၂၁၀)ထိ ရောက်ရှိခဲ့သည်။ မုန်တိုင်းသည် မနီလာမြို့တော်ကို ဒီဇင်ဘာ ၈ ရက် ညပိုင်းနှင့် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတို့တွင် ဖြတ်သန်း တိုက်ခတ်ခဲ့သော်လည်း ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာ မဖြစ်ပေါ်ခဲ့ဟု သတင်းများက ဖော်ပြခဲ့သည်။

သို့သော်လည်း ဆင်းရဲနွမ်းပါးသူများ၊ အိမ်ခြေမဲ့များနှင့် မြစ်ကမ်းဘေး နေထိုင်သူများမှာမူ ဒီဇင်ဘာ ၈ ရက် ညပိုင်းတွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများသို့ ပြောင်းရွှေ့နေခဲ့ကြကြောင်း သိရသည်။ မနီလာတွင် မိုးသည်းထန်ခဲ့သော်လည်း အလွန်ဆိုးရွားသည့် ရာသီဥတု အလွန်ဆိုးရွားခြင်း မရှိခဲ့ဘဲ ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင် လုပ်ငန်းများ၊ အလုပ်ခွင်များ ပုံမှန် ပြန်လည် ဖွင့်လှစ်နိုင်ခဲ့သည်။

မုန်တိုင်း အားကောင်းနေဆဲ ကာလတွင် ဖြတ်သန်းတိုက်ခတ်လာရာ ဒေသများ၌မူ စုစုပေါင်း အသေအပျောက်စာရင်း (၂၇)ဦးထိ ရှိလာပြီဟု ဖိလစ်ပိုင် ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ရစ်ချတ်ဂေါ်ဒွန်က AFPသို့ ပြောကြားခဲ့သည်။ ဆာမားနှင့် အခြားသော ဒေသအချို့တွင် နောက်ထပ် စာရင်းကောက်ယူမှုများ ပြုလုပ်ပြီးပါက အသေအပျောက် ပမာဏ ယခုထက် မြင့်တက်လာမည်ဟု မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုသည်။ ယခုအခါ မုန်တိုင်းသင့် ဒေသများတွင် ရှင်းလင်းရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ စတင်နေပြီ ဖြစ်သည်။

ဟာဂူပစ်သည် ဒီဇင်ဘာ ၉ ရက်တွင် အပူပိုင်း မုန်တိုင်းအဆင့်မှ အပူပိုင်း လေဖိအားနည်း ရပ်ဝန်းအဆင့်ထိ အင်အားယုတ်လျော့သွားပြီး အနောက်ဘက် ကျွန်းစုများနှင့် တောင်တရုတ် ပင်လယ်ဘက် ဆက်လက် ရွေ့လျားနေဆဲဟု သိရှိရသည်။

_Ref: Channelnewsasia

0 comments:

Post a Comment