9.12.14

ကွန်ပျူတာပရိုဂရမ် ရေးဆွဲသော ပထမဦးဆုံး အမေရိကန်သမ္မတ ဖြစ်လာသည့် အိုဘားမား

အမေရိကန်သမ္မတ အိုဘားမားသည် နှစ်စဉ်ကျင်းပနေကျဖြစ်သော Computer Science Education Week တွင် အလွန်ရိုးရှင်းသည့် ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို ရေးဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ပျူတာပရိုဂရမ်သည် အလွန်ရိုးရှင်းလှပြီး screen ပေါ်တွင် စတုရန်းပုံရေးဆွဲရသည့် ပရိုဂရမ်သာ ဖြစ်သည်။ ကွန်ပျူတာသိပ္ပံ ပညာရေးကို လူအများ စိတ်ပါဝင်စားစေရန် ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းဖြစ်သော Code.org ကို တွဲဖက်တည်ထောင်သူ ဟာဒီပါတိုဗီက ပရိုဂရမ်ကို စတင်ရေးဆွဲသူများသည် ရိုးရှင်သော အရာများဖြင့်သာ စတင်ကြကြောင်း၊ မည်သူမျှ ခက်ခဲရှုပ်ထွေးသည့် ဂိမ်းကို စတင်ဖန်တီးလေ့မရှိကြောင်း ပြောကြားသွားခဲ့သည်။

ပြီးခဲ့သည့်နှစ်က အိုဘားမားသည် Computer Science Education Week ကို လူအများ စိတ်ပါဝင်စားမှုရှိလာစေရန် YouTube ဗီဒီယိုတစ်ခုဖြင့် ပြောကြားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် ကွန်ပျူတာ သိပ္ပံပညာရပ် သင်ကြားထားခြင်းသည် ပြည်သူတို့၏ အနာဂတ်အတွက် အရေးကြီးရုံသာမက နိုင်ငံ၏ အနာဂတ် အတွက်လည်း အရေးကြီးကြောင်း သမ္မတအိုးဘားမားက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က Code.org သည် လူတိုင်း ပရိုဂရမ်အခြေခံများ သင်ကြားနိုင်သည်ကို ပြသလိုသောကြောင့် တစ်နာရီအတွင်း ပရိုဂရမ်ရေးဆွဲနိုင်ရန်အတွက် ကျောင်းသားအားလုံးကို လှုံ့ဆော်သည့် အနေဖြင့် Hour of Code အစီအစဉ်ကို မိတ်ဆက်ပေးခဲ့သည်။ ၎င်းအစီအစဉ်၏ အစိတ်အပိုင်းအဖြစ် Code.org သည် နာရီပေါင်းများစွာ ကြာမြင့်သော သင်ခန်းစာများ ပါဝင်သည့် ဝက်ဘ်ဆိုက်တစ်ခု ဖန်တီးခဲ့သည်။

Code.org မှဦးစီး၍ ကျင်းပသော Computer Science Education Week ကို အိမ်ဖြူတော်တွင် ပြုလုပ်ပေးခဲ့ပြီး နယူးဂျာစီပြည်နယ်၊ နယူးဝက်ခ်မြို့ရှိ South Seventeenth Street ကျောင်းမှ အလယ်တန်း ကျောင်းသား ၂၀ ဦးနှင့် အိုးဘားမားတို့ တွေ့ဆုံစေကာ Hour of Code သင်ခန်းစာများကို လေ့လာခဲ့ကြသည်။ အိုဘားမားသည် သင်ခန်းစာ အစမှ အဆုံးကို ပြီးပြတ်အောင် သင်ယူခြင်း မရှိသော်လည်း ကျောင်းသားများ လုပ်ကိုင်နေသည်ကို ကြည့်ရှုခဲ့ကြောင်း ပါတိုဗီက ပြောဆိုခဲ့သည်။ သမ္မတအိုဘားမားသည် Google ၏ Blockly tool နှင့် programming ဘာသာစကား JavaScript နှစ်မျိုးစလုံးကို အသုံးပြုရေးဆွဲရသည့် လေ့ကျင့်ခန်းအချို့ကို သင်ယူခဲ့ကြောင်း သိရသည်။

Ref: Wired

0 comments:

Post a Comment