5.12.14

အမေရိကန်နိုင်ငံ၊ အရီဇိုးနားတွင် လူဖြူရဲအရာရှိတစ်ဦး ပစ်ခတ်မှုကြောင့် လူမည်းတစ်ဦး သေဆုံး


အမေရိကန်နိုင်ငံ၊ အရီဇိုးနား ပြည်နယ်တွင် လူဖြူရဲအရာရှိ တစ်ဦးက လက်နက်မဲ့ လူမည်း တစ်ဦးကို ပစ်သတ်ခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လူဖြူရဲတပ်ဖွဲ့ဝင်များက သံသယရှိသူ လူမည်းများကို ရက်စက်ကြမ်းတမ်းစွာ ပြုမူနေမှုများအတွက် အမေရိကန် တနံတလျားတွင် ဆန္ဒပြမှုများ ပေါ်ပေါက်နေစဉ် အတောအတွင်း အဆိုပါဖြစ်ရပ် ပေါ်ပေါက်လာပြန်ခြင်း ဖြစ်သည်။

ဒီဇင်ဘာ (၃)ရက်က ဖီးနစ်မြို့တွင် ရဲတစ်ဦးက မူးယစ်ဆေးဝါးမှုနှင့် ပတ်သက်ပြီး မသင်္ကာသူ လူမည်းတစ်ဦးကို စစ်ဆေးစဉ် ၎င်းက ရုန်းကန်ပြီး အိတ်ထဲ လက်နှိုက်ထားပြီး ပြန်ထုတ်ချိန်တွင် ရဲအရာရှိက ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ရဲအရာရှိက သံသယ တရားခံ အနေဖြင့် သေနတ်ဆွဲထုတ်သည်ဟု ယူဆသောကြောင့် ပစ်ခတ်ခဲ့ခြင်းဟု ဝန်ခံခဲ့သော်လည်း ၎င်း၏ အိတ်ထဲတွင် ဆေးပြားအနည်းငယ်သာ ရှိနေသည်။

သေဆုံးသူ ရူမိန်းဘရစ္စဘွန်းသည် ရင်ဘတ်တွင် ကျည်ဆန်နှစ်ချက် ထိမှန်ခဲ့ကြောင်းလည်း သိရသည်။ စတိုးဆိုင် တစ်ခု၏ အပြင်ဘက်တွင် ရဲအရာရှိက သတင်းအရ ရှာဖွေမှု ပြုလုပ်ရင်း အဆိုပါ အခြေအနေဆိုး ပေါ်ပေါက်ခဲ့ခြင်းဟု ဖီးနစ်ရဲတပ်ဖွဲ့က ကြေညာသည်။

“ဘရစ္စဘွန်းက ရှုပ်ရှုပ်ထွေးထွေး အခြေအနေမှာ အိတ်ထဲ လက်နှိုက်လိုက်တယ်။ အဲဒါကို ရဲအရာရှိက ဝင်ချုပ်ထားတယ်။ ပြီးတော့ အိတ်ထဲကနေ လက်မထုတ်ဖို့ အတန်တန် ပြောနေတယ်။ ရဲအရာရှိရဲ့ စိတ်ထဲမှာ သံသယရှိသူ အနေနဲ့ သေနတ်တစ်လက် ဆောင်ထားတယ်လို့ ယူဆနေပါတယ်”ဟု ဖီးနစ်ရဲတပ်ဖွဲ့၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ ဖြစ်ရပ်အတွင်း ဘရစ္စဘွန်းသည် ပွဲချင်းပြီး သေဆုံးပြီး ရဲအရာရှိ အနေဖြင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဟုလည်း ဆိုသည်။

ဩဂုတ်လ အတွင်းက မဇ္ဇူရီပြည်နယ်၊ ဖာဂူဆန်မြို့တွင် လက်နက်မဲ့ လူမည်းဆယ်ကျော်သက် တစ်ဦးကို လူဖြူရဲအရာရှိ တစ်ဦးက ပစ်သတ်မှုမှ အစပြုကာ အလားတူ အခြေအနေအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် အမေရိကန်ရှိ မြို့ကြီးများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့အပြင် ဇူလိုင်လအတွင်းက လူမည်းတစ်ဦးကို ရဲအရာရှိတစ်ဦးက အကြမ်းပတမ်း ဖမ်းဆီးရင်း အသက်ရှူကျပ် သေဆုံးမှုတွင် ရဲအရာရှိကို စွဲချက်တင်ရန် အကြောင်းမရှိဟု ဂျူရီဆုံးဖြတ်ချက်တစ်ခု ဒီဇင်ဘာ (၃)ရက်က ထွက်ပေါ်လာရာ အခြေအနေများ ပိုမိုရှုပ်ထွေးလာခဲ့သည်။

_Ref: Channelnewsasia

0 comments:

Post a Comment