5.12.14

တရုတ်တွင် သေဒဏ်ခံ အကျဉ်းသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရယူခြင်းကို ရပ်တန့်တော့မည်ဟုဆို

တရုတ်နိုင်ငံတွင် သေဒဏ်ကျခံရသူများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ယူငင်ကာ ဆေးဘက်ဆိုင်ရာ အစားထိုး ကုသမှုများ ပြုလုပ်နေခြင်းအား ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ် သတင်းစာ တစ်စောင်က အဆိုပါ သတင်းကို ဖော်ပြခဲ့ပြီး ယင်းမတိုင်မီကလည်း တရုတ်အာဏာပိုင်များသည် အလားတူ ကတိမျိုး အကြိမ်ကြိမ် ပေးခဲ့ပြီး တည်တံ့အောင် မဆောင်ရွက်နိုင်ခဲ့ဟု သိရသည်။

တရုတ်နိုင်ငံတွင် လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသမှုအတွက် အစားထိုး အစိတ်အပိုင်းများ လိုအပ်ချက် ကြီးမားစွာ ရှိနေပြီး အလှူရှင် နည်းပါးခြင်းက ပြဿနာကြီးတစ်ခု ဖြစ်နေသည်။ ထို့ကြောင့်လည်း သေဒဏ်ကျခံရသည့် အကျဉ်းသားများသည် ခန္ဓာကိုယ် အစိတ်အပိုင်းများ ရယူရန် အဓိက ရင်းမြစ်ကြီးသဖွယ် နှစ်ပေါင်းများစွာ တည်ရှိနေခဲ့သည်။

တောင်းဆိုမှုကြီးမားသော အခြေအနေတွင် သေဒဏ်ခံ အကျဉ်းသားများကို ယင်းကဲ့သို့ အသုံးချနေမှုမျိုး ရှိနေရသော်လည်း လူ့အခွင့်အရေး အဖွဲ့များ၏ ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်မှုများကိုလည်း တရုတ်အာဏာပိုင်များ အနေဖြင့် ကြုံတွေ့ခဲ့ရသည်။ လူ့အခွင့်အရေး အဖွဲ့များက သေဒဏ်ပေးလိုက်သည့် အကျဉ်းသားများနှင့် ၎င်းတို့၏ မိသားစုများ ဆန္ဒမပါဘဲ လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရယူနေကြောင်း စွပ်စွဲခဲ့သော်လည်း တရုတ်အစိုးရက ယင်းကို တွင်တွင်ငြင်းဆိုထားသည်။

ဆောက်သမ်း မက်ထရိုပိုလစ် နေ့စဉ်ထုတ် သတင်းစာက တရုတ် ခန္ဓာကိုယ်အစိတ်အပိုင်းလှူဒါန်းရေး ကော်မတီမှ အကြီးအကဲဖြစ်သူ ဟွမ်ဂျီဖူ၏ အဆိုကို ကိုးကားပြီး လာမည့်နှစ်၊ ဇန်နဝါရီ (၁)ရက်မှ စတင်ကာ သေဒဏ်ချမှတ်ခံရသည့် အကျဉ်းသားများ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား ရယူနေမှုကို ရပ်တန့်တော့မည်ဟု ဖော်ပြခဲ့သည်။

ယခင် ကျန်းမာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည့် ဟွမ်က ခန္ဓာကိုယ် အစိတ်အပိုင်း အစားထိုး ကုသရန် လိုအပ်နေသည့် လူနာများအတွက် ယခုအခါ မျှော်လင့်စရာ ရင်းမြစ်သည် စေတနာအလျောက် လှူဒါန်းသူများသာ ရှိတော့မည်ဟု ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် လူ့ခန္ဓာကိုယ် အစိတ်အပိုင်းများ ကူးသန်းရောင်းဝယ်မှုကို (၂၀၀၇)ခုနှစ်တွင် ဥပဒေထုတ်ပြန် တားမြစ်ခဲ့သော်လည်း လူဦးရေ (၁.၃) ဘီလီယံကျော် ရှိနေသည့် နိုင်ငံတွင် ယင်းအတွက် လိုအပ်ချက်မှာ ကြီးကြီးမားမား ရှိနေဆဲ ဖြစ်သည်။

ဟွမ်၏ အဆိုအရ တရုတ်နိုင်ငံတွင်  နှစ်စဉ်နှစ်တိုင်း ခန္ဓာကိုယ် အစိတ်အပိုင်း အရေးပေါ် အစားထိုး ကုသရန် လိုအပ်သူ အရေအတွက် (၃၀၀၀၀၀)ကျော် ရှိသော်လည်း အမှန်တကယ် အစားထိုး ကုသပေးနိုင်မှု အရေအတွက်သည် နှစ်စဉ် (၁၀၀၀၀)ခန့်သာ ရှိနေကြောင်း သိရသည်။

တရုတ်တွင် လူဦးရေ (၁)သန်း၌ ခန္ဓာကိုယ် အစိတ်အပိုင်း အလှူရှင် (၀.၆)ဦးသာ ရှိနေရာ စပိန်ကဲ့သို့ လူ(၁)သန်းတွင် ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းသူ (၃၇)ဦးထိ ရှိနေသည့် စပိန်ကဲ့သို့ နိုင်ငံမျိုးနှင့် သိသာစွာ ကွာဟလျက် ရှိသည်။

“လူတွေက ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုနဲ့ ပတ်သက်ရင် မျှတရမယ်၊ တရားနည်းလမ်း ကျရမယ်၊ ပွင့်လင်းတဲ့ အခြေအနေ ရှိရမယ်လို့ ပြောကြတယ်။ ဒါက မှန်ကန်ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အကြောင်းပြချက် တစ်ခုလည်း ရှိသေးတယ်။ ဒီအခြေအနေတွေဟာ ခက်ခဲတဲ့ အကန့်အသတ်တွေကိုလည်း ဖြစ်ပေါ်လာစေတတ်တယ် ဆိုတာပါ”ဟု ဟွမ်၏  အဆိုကို ကိုးကားပြီး သတင်းစာက ရေးသားခဲ့သည်။

တရုတ်အစိုးရသည် ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှုနှင့် ပတ်သက်၍ အစီအစဉ်သစ်တစ်ခု ပြုလုပ်ခဲ့ပြီးနောက် (၂၀၁၄)ခုနှစ် တစ်နှစ်တာ မကုန်ဆုံးမီတွင် လှူဒါန်းသူ စေတနာရှင် (၁၅၀၀)ခန့် ရှိလာသည်။ ယင်းသည် လွန်ခဲ့သည့် (၄)နှစ်တာအတွင်း စုစုပေါင်း အလှူရှင် ပမာဏထက် ပိုမိုများပြားကြောင်းလည်း သိရသည်။

_Ref: Channelnewsasia

0 comments:

Post a Comment