5.12.14

ကျန်းမာရေး အခြေအနေကြောင့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့ပွဲ အခမ်းအနားကို ပယ်ဖျက်ခဲ့ရ

ကျန်းမာရေး အခြေအနေကြောင့် သက်တော် (၈၇)နှစ်ပြည့် မွေးနေ့ပွဲ အခမ်းအနားကို ဘုရင်မင်းမြတ် ဘူမီဘိုလ် အဒူလိုင်ယက်ဂ်ျ အနေဖြင့် ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိသဖြင့် ပယ်ဖျက်ခဲ့ကြောင်း ထိုင်းဘုရင့်နန်းတော်က ကြေညာခဲ့သည်။

တော်ဝင်မိသားစု၏ ဆရာဝန်များက ဒီဇင်ဘာ(၅)ရက်တွင် ကျရောက်သည့် ထိုင်းဘုရင်မင်းမြတ်၏ မွေးနေ့အတွက် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်ရန် မသင့်ကြောင်း အကြံပြုကာ ဘုရင်မင်းမြတ်ကို အနားယူနေစေကြောင်း ထိုင်းနန်းတော်၏ ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဘုရင်မင်းမြတ် ဘူမီဘိုလ်သည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ဆုံး အုပ်ချုပ်နေသည့် ထီးဆောင်းဘုရင် တစ်ပါးဖြစ်ပြီး ထိုင်းပြည်သူလူထု၏ ရိုသေလေးစားမှုကို ခံယူခွင့် ရရှိထားသည်။ ထိုင်းနိုင်ငံ၏ ထီးနန်းကို ဆယ်စုနှစ် ခြောက်ခုကျော်ကြာ စိုးစံခဲ့သည့် ဘုရင်ကြီးသည် ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်းက ကျန်းမာရေး ယိုယွင်းလာသဖြင့် မကြာခဏ ဆေးရုံတက်ခဲ့ရသည်။

“ဘုရင်မင်းမြတ်ရဲ့ ကျန်းမာရေးကို တော်ဝင်မိသားစုရဲ့ ဆရာဝန် အဖွဲ့တစ်ခုက ဒီဇင်ဘာ (၄)ရက် ညနေပိုင်းမှာ လာရောက် စစ်ဆေးခဲ့ပါတယ်။ ဘုရင်မင်းမြတ်ဟာ လူထုဗိုလ်ပါ ပရိသတ် ရှေ့မှောက်ကို ထွက်ပေါ်လာပြီး တော်ဝင် အခမ်းအနား တစ်ရပ်ကို တက်ရောက်ဖို့ အဆင်သင့် မဖြစ်သေးကြောင်း ဆရာဝန်တွေက သဘောတူခဲ့ကြတယ်။ ဒါကြောင့်လည်း မွေးနေ့ပွဲ ကျင်းပမယ့် တော်ဝင်မိသားစုရဲ့ အခမ်းအနားကို ပယ်ဖျက်ခဲ့ပါတယ်”ဟု တော်ဝင်မိသားစုရေးရာ ဗြူရိုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ဘုရင်မင်းမြတ် ဘူမီဘိုလ်သည် အောက်တိုဘာလ အတွင်းက သည်းခြေအိတ် ရောင်ရမ်းမှုကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး နိုဝင်ဘာလ အစောပိုင်းတွင် လူအများရှေ့ ပြန်လည် ထွက်ပေါ်လာခဲ့သည်။ ထိုင်းနိုင်ငံတွင် ဘုရင်မင်းမြတ်၏ မွေးနေ့ကို ဖခင်နေ့ဟုလည်း ဂုဏ်ပြုခေါ်ဝေါ်ပြီး အစိုးရ ရုံးပိတ်ရက်အဖြစ် သတ်မှတ် ဂုဏ်ပြုသလို အဆိုပါနေ့တွင် တော်ဝင်မိသားစု၏ ပုံရိပ်ကို ဖော်ဆောင်သည့် အဝါရောင် အလံများကို လွှင့်ထူလေ့ရှိကြောင်း သိရသည်။

_Ref:Channelnewsasia

0 comments:

Post a Comment