19.3.15

မာရှေယာနို၏ အကြံပေးမှုကြောင့် အဂူရို၏ ပင်နယ်တီကို ဘာစီလိုနာဂိုးသမား ကာကွယ်နိုင်ခဲ့

arguu(အင်္ဂလန်)။ ။ ဘာစီလိုနာအသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ဘာစီလိုနာဂိုးသမား တာစတီဂန်သည် အသင်းဖော် မာရှေယာနို၏ အကြံပေးချက်ဖြင့် မန်စီးတီးတိုက်စစ်မှူး အဂူရို၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ရာကီတစ်၏ဂိုးဖြင့် အနိုင်ရနေခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် ပင်နယ်တီပေးခဲ့ရခြင်း ဖြစ်သည်။ ထိုပင်နယ်တီသာ
ဝင်သွားခဲ့ပါက လက်ကျန်ပွဲချိန်တွင် ဘာစီလိုနာအသင်းအနေဖြင့် ဂိုးထပ်မပေးရရန် ရုန်းကန်ရမည် ဖြစ်သည်။ သို့သော် အဂူရိုပင်နယ်တီ ကန်သွင်းခါနီးတွင် မာရှေယာနိုသည် ဧရိယာစည်းအပြင်မှ အဂူရိုကန်သွင်းနိုင်မည့် ဘက်ကို ဂိုးသမား တာစတီဂန်အား လက်ဖြင့်အချက်ပြခဲ့သည်။ တာစတီဂန်ကလည်း မာရှေယာနိုပြသည့် ဘက်သို့ ဒိုင်ဗင်ထိုးပြီး ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းမှာ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

မာရှေယာနိုက အာဂျင်တီးနားနိုင်ငံအသင်းဖော် အဂူရိုကန်မည့်ဘက်ကို ကြိုတင်သိရှိကြောင်း ပွဲအပြီးတွင်ပြောဆိုခဲ့သည်။

'နိုင်ငံတကာပွဲတွေသွားကစားတဲ့အခါမှာ အဂူရို ဘယ်လို ပင်နယ်တီကန်သွင်းတယ်ဆိုတာ ကျွန်တော်သိပြီးသားပါ' ဟု မာရှေယာနိုက ပြောသည်။

ဂိုးသမားတာစတီဂန်ကမူ မာရှေယာနိုနှင့် ရာဖင်ဟာတို့ နှစ်ဦးစလုံးက ညာဖက်သို့ဖမ်းရန် အကြံပေးခဲ့သည်မှာ မှန်သော်လည်း နောက်ဆုံးတွင်
မိမိ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ ကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Credit to : Mizzima News

0 comments:

Post a Comment